၂၁.၁၂.၂၀၂၄
Written by Hey Mar
ဧည့်စာရင်းစစ်ဆေးစဉ် အိမ်ရှင်က သံတုတ်ကိုင်ထွက်လာတာကြောင့် အဆိုပါနေအိမ်အတွင်း စစ်ဆေးရှာဖွေရာမှ စိတ်ကြွမူးယစ်ဆေးဝါးတွေ တွေ့ရှိဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့၊အမှတ်(၂) ရပ်ကွက်မှာ မနေ့က ဒီဇင်ဘာ ၂၀ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာမှ သိရပါတယ်။
မနေ့က ဒီဇင်ဘာ ၂၀ ရက် ညအချိန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းအဖွဲ့က ဒေးဒရဲမြို့အမှတ်(၂)ရပ်ကွက်အတွင်း ဧည့်စာရင်း လိုက်လံစစ်ဆေးစဥ် ရပ်ကွက်အတွင်းနေထိုင်သူ မိုးခမ်းဆိုသူရဲ့ နေအိမ်အရောက် ဧည့်စာရင်းစစ်ဆေးဖို့အတွက် ခေါ်ယူရာမှာ အိမ်ရှင်မိုးခမ်းက သံတုတ်ကိုင် ထွက်လာတာကြောင့် ထိန်းသိမ်းပြီး မသင်္ကာဖွယ်တွေ့ရှိရတာကြောင့် နေအိမ်အတွင်းဝင်ရောက်ရှာဖွေရာ နေအိမ်ကြမ်းပြင်က ပလပ်စတစ်ပိုက်နဲ့ ထည့်ထားတဲ့ စိတ်ကြွမူးယစ်ဆေးပြား(၁၉၀)ပြားနဲ့ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို တွေ့ရှိရတာကြောင့် သက်သေတွေနဲ့အတူသိမ်းဆည်းခဲ့တယ်လို့ သိရှိရပါတယ်။
အဲ့ဒီဖြစ်စဉ်ကြောင့် စိတ်ကြွမူးယစ်ဆေးပြားတွေ သုံးစွဲရောင်းဝယ်လက်ဝယ်တွေ့ရှိသူ အိမ်ရှင်မိုးခမ်း၊ အမှတ် (၂) ရပ်ကွက်၊ ဒေးဒရဲမြို့နေသူကို အရေးယူပေးဖို့ တိုင်တန်းချက်အရ ဒေးဒရဲမြို့မရဲစခန်းက မူး/စိတ်ဥပဒေအရ အမှုဖွင့်အရေးယူ ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။