၂၁.၁၂.၂၀၂၄
Translated by Htwe Ko Tun
မြန်မာနိုင်ငံနယ်စပ်အနီး ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်အတွင်း၌ အမျိုးအမည်မကွဲပြားသော လေယာဉ်တစ်စီးကို ဒီဇင်ဘာလ ၂၀ ရက်က ရေဒါတွင် ထောက်လှမ်းတွေ့ရှိခဲ့ပြီးနောက် ထိုင်းလေတပ်မှ F – 16 တိုက်လေယာဉ်နှစ်စီးကို အရေးပေါ်စေလွှတ်ခဲ့ကြောင်း ထိုင်းလေတပ်ပြောရေးဆိုခွင့်ရှိသူ လေတပ်ဗိုလ် ချုပ်ကြီး ပရာပါ့စ်ဆွန်ဂျေဒီက ပြောခဲ့သည်။
ဆွန်ဂျေဒီက “ဒီဇင်ဘာလ ၂၀ ရက် နံနက် ၁၀ နာရီ ၅၁ မိနစ်မှာ ထိုင်းလေတပ်ရဲ့ရေဒါမှာ တက်ခ်ပြည်နယ်အတွင်း ဖော့ဖရာခရိုင်ရဲ့ မြန်မာနိုင်ငံနဲ့နယ်စပ်တစ်လျှောက်မှာ ဒီအမျိုးအမည်မကွဲပြားတဲ့လေယာဉ်က အမြင့် ပေ ၄,၀၀၀ မှ ပေ ၅,၀၀၀ အကြားမှာ ပျံသန်းနေတာတွေ့ခဲ့ရတယ်” ဟု ပြောကြားခဲ့သည်။
လေတပ်စစ်ဆင်ရေး အမိန့်ပေးဌာနက နာခွန် ဆာဝန်ပြည်နယ်၊ ဘန်တက်လီ ခရိုင်အတွင်းရှိ လေတပ်စု ၄ မှ F – 16 တိုက်လေယာဉ်နှစ်စီးကို ထိုအမျိုးအမည်မကွဲပြားသောလေယာဉ်အားစစ်ဆေးရန်အမြင့် ပေ ၇,၀၀၀ မှ စေလွှတ်ခဲ့ကြောင်းသိရသည်။
အဆိုပါနေရာသို့ F – 16 လေယာဉ်များရောက်ရှိချိန်တွင် ထို အမျိုးအမည်မကွဲပြားသောလေယာဉ်က နေရာတွင်မတွေ့ရတော့ဘဲ ထွက်ခွာသွားပြီဖြစ်ကာ ရေဒါမှလည်းပျောက်သွားခဲ့ပြီဖြစ်သဖြင့် F – 16 လေယာဉ်နှစ်စင်းမှာ စခန်းသို့ ပြန်လှည့်လာခဲ့ကြောင်း ပရာပါ့စ်က ပြောခဲ့သည်။
ထပ်မံထုတ်ပြန်သောသတင်းတစ်ရပ်တွင် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာသည့် ထိုလေယာဉ်မှာ နယ်စပ်နှင့် ၁ ဒသမ ၈ ကီလိုမီတာအကွာတွင်ရှိခဲ့ပြီး မောင်းသူမဲ့တိုက်လေယာဉ်တစ်စီး (သို့မဟုတ်) မောင်းသူမဲ့အဝေးထိန်းဒရုန်းလေယာဉ်ငယ်တစ်စီးတို့ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။
Ref- Thai pbs