၂၁. ၁၂. ၂၀၂၄
Written by Nay Moe
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့၊ မွန်းတည့် ၁ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက်လက်နက်ကိုင် AA က တိုက်ခိုက်သိမ်းယူခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။
ထို့ကြောင့် အမ်းမြို့နယ်တစ်ခုလုံးအား အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သောကြောင့် အမ်းမြို့သည် AA က အပြည့်အဝ အလုံးစုံထိန်းချုပ်ထားနိုင်သော (၁၄) မြို့မြောက် မြို့ဖြစ်လာခဲ့ပြီဖြစ်သည်ဟုလည်း AA က ထုတ်ပြန်သည်။
ယခင်က AA တိုက်ခိုက်သိမ်းယူထားသော (၁၃) မြို့မှာ ပလက်ဝမြို့၊ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့ နှင့် မောင်တောမြို့တို့ ဖြစ်ကြသည်။
လက်ရှိအချိန်၌လည်း ဂွမြို့နယ်အတွင်း AA ကဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး ဂွမြို့၏ ဒေသခံတပ်ရင်းများနှင့် စစ်ကူလာသော တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းများ၊ အခြားသော တပ်ရင်းပေါင်းများစွာတို့ဖြင့် ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ဂွမြို့၏ သုံးပုံနှစ်ပုံခန့်ကိုလည်း သိမ်းပိုက်ရရှိထားပြီးဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် ဂွမြို့အား အပြီးသတ်သိမ်းပိုက်ပြီးပါက ရခိုင်ပြည်နယ်အတွင်း ဆက်လက်သိမ်းပိုက်ရန် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် (၃) မြို့သာ ကျန်ရှိတော့မည်ဖြစ်ကြောင်းနှင့် အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့အား အပြီးသတ်သိမ်းယူပြီးနောက် နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား လက်ရဖမ်းမိခဲ့သည်ဟုလည်း AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။