၂၁.၁၂.၂၀၂၄
Written by KL
အမြန်လမ်း နေပြည်တော်- ရန်ကုန်လမ်းပိုင်း မိုင်တိုင် ၇၃/၂ နှင့် ၇၃/၃ ကြားတွင် ယနေ့ ဒီဇင်ဘာလ ၂၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ဟွန်ဒါဖစ်မော်တော်ယာဥ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ခြမ်းရှိ မြေသားလမ်းပေါ်မှ သစ်ပင်ကို ဝင်တိုက်မိခဲ့ရာ ယာဥ်မောင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
“နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို အမျိုးသမီးတစ်ယောက်တည်း မောင်းလာတုန်း လမ်းခုလတ်မှာ ကားက အရှိန်မထိန်းနိုင်ဘဲ ဖြစ်သွားတာ။ ဒဏ်ရာက စိုးရိမ်စရာ မရှိပါဘူး”ဟု အမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယာဥ်တိုက်မှုကြောင့် အသက် ၄၃ နှစ်အရွယ် ယာဥ်မောင်း အမျိုးသမီးတွင် ညာဘက်ဒူးပေါက်ပြဲဒဏ်ရာရရှိခဲ့သဖြင့် မြို့ချောင်းတိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မော်တော်ယာဥ်ခေါင်းပိုင်းမှာ ကြေမွကာ ကားတံခါးလည်းပျက်စီးခဲ့သဖြင့် ယာဥ်မောင်းအမျိုးသမီးကို ဥသျှစ်ကုန်းအမြန်လမ်းရဲစခန်းက ပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။