၂၁. ၁၂. ၂၀၂၄
Written by Nay Moe
AA နှင့် NUG ကို သစ္စာခံ ပူးပေါင်းနေသော ချင်းလက်နက်ကိုင် Chin Brotherhood က ချင်းလက်နက်ကိုင် Chinlan Council ကို ထောက်ခံသော ချင်းလူမျိုးများအပေါ် လက်နက်အားကိုး၍ အာဏာသုံးကာ အနိုင်ကျင့်မှုအပေါ် ရှုတ်ချကြောင်း Kanpetlet Council (Chinland) က လူထုသဘောထား ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်တွင် AA နှင့် NUG ကို လက်နက်ကိုင် သစ္စာခံသော ချင်းလက်နက်ကိုင်အဖွဲ့များဖြစ်သည် CNDF ၊ CDF ကန်ပက်လက်၊ CDF မတူပီ (တပ်မဟာ – ၁)၊ CDF မင်းတပ်၊ မရာလက်နက်ကိုင် MTC/MDF နှင့် Zoland Defence Force တို့ ပါဝင်သော Chin Brotherhood Alliance အဖွဲ့နှင့် ချင်းတိုင်းရင်းသားလက်နက်ကိုင်များအစိုးရနှင့် လွှတ်တော်ဖွဲ့ကာ ဦးဆောင်သော Chinland Council တွင် CNA/ CNF ဦးဆောင်သော မဟာမိတ် လက်နက်ကိုင်များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားမှုများနှင့် CC ထောက်ခံသူချင်းများနှင့် CB ထောက်ခံသူ ချင်းများအကြားတွင်လည်း အပြန်အလှန် ဖိနှိပ် ဖမ်းဆီးအရေးယူမှုများရှိနေသည်။
ယခု ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၇) ရက်၊ အင်္ဂါနေ့တွင်အသည်းအသန်ဖြစ်သော လူနာပြုစုရန် မကွေးတိုင်း၊ ဆောမြို့သို့ ဆင်းလာကြသော ဦးဟာလိန်နှင့် ဆေးခန်းပြရန်ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် (၅)နှစ်အောက်ကလေး အပါဝင်အမျိုးသမီး (၄) ဦး ၊ အမျိုးသား (၄)ဦးစုစုပေါင်း (၈)ဦးအား ချင်းညီနောင်အဖွဲ့၊ ကန်ပက်လက် (CDF) ကူမီးဂိတ်မှ ဖြတ်သန်းသွားလာခွင့်မပြုဘဲတားမြစ်ကာ လူသားချင်းစာနာမှုအခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။
ထို့နောက် တူမီးတပ်ရင်းမှူး လိန်းကီးမှ ၎င်းပုဂ္ဂိုလ်များအား ဂိတ်ဖြတ်သန်းသွားလာခွင့်နှင့် နောက်ပြန်လှည့်ခွင့်မပြုသည့်အပြင် လက်နက်ကိုင် (၁၅) ဦးမှ ကျည်ထိုးမောင်းတင်ကာ ချိန်ရွယ်ပြီး ရည်ရွယ်ချက်ရှိရှိ နည်းမျိုးစုံဖြင့် ခြိမ်းခြောက် ကြိမ်းမောင်းကာ ၂ နာရီမျှ ကြန့်ကြာပြီးနောက်မှ ဆောမြို့သို့ဆင်းရန် ပြန်လည်ခွင့်ပြုပြီး နောက်ပိုင်းတွင် ဝိတိုရိယတပ်ရင်းမှူး ဦးဟာတမ် ဦးဆောင်ပြီး ရဲဘော် (၁ဝ) ဦးခန့် မှ လက်နက်အပြည့်အစုံဖြင့် လူနာနေအိမ်အထိလိုက်လာကာ ဦးဟာလိန်းအားဖမ်းဆီးခေါ် ဆောင်သွားပြီး CB စစ်ဦးစီးချုပ် အောင်လိန်း၊ CB ကောင်စီဥက္ကဋ္ဌ ဦးမောင်တုတ်၊ CB အုပ်ချုပ်ရေးမှူး ဦးထန်းနိုင်း၊ CB တရားစီရင်ရေး ဦးလိန်းမနားတို့မှ မွန်းတည့် (၁၂:၀၀) နာရီမှ ညနေ (၅:၃၀) နာရီထိ ခေါ်ယူစစ်ဆေးခဲ့ကြသည်ဟု ပြောသည်။
ထို့အတူ ပြည်သူလူထု အသုံးပြုသွားလာသော လမ်းမ၊ မကွေးတိုင်း၊ ဆောမြို့နှင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ ဆက်သွယ်ရာလမ်းမ လမ်းကြောင်းတွင် ချင်းညီနောင်အဖွဲ့ဝင်ကန်ပက်လက် (CDF) တူမီးတပ်ရင်းဂိတ်မှ အုတ်ဖိုရွာအား လမ်းအပေါ်ဘက်တွင် နေထိုင်သော ပြည်သူများကို ChinLand Council ကို ထောက်ခံအားပေးသူများဟု သတ်မှတ်ကာ၊ ဖြတ်သန်းသွားလာသူများအား စစ်ဆေးမေးမြန်းပြီး၊ လမ်းအပေါ်ဘက်နေထိုင်သည့် CC ကို ထောက်ခံအားပေးသူမှန်သမျှကို ဂိတ်ဖြတ်သန်းသွားလာခွင့်အား မိန်းကလေးများပါမချန် တားမြစ်ပိတ်ပင်ထားကြသည်။ သို့သော် CB ကို ထောက်ခံအားပေးသူအဖွဲ့ဟုသတ်မှတ်သော အုတ်ဖိုလမ်းအောက်ဘက်တွင် နေထိုင်သူများအား လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုပြီး ပြည်သူလူထုအပေါ် တစ်ဖတ်သတ် ခွဲခြားဆက်ဆံနေကြကြောင်း တွေ့ရှိရသည်ဟုလည်း ထုတ်ပြန်ဖော်ပြသည်။
ထိုသို့လုပ်ရပ်များကို ပြည်သူလူထုမှ မခံမရပ်နိုင်၍ ဆန္ဒဖော်ထုတ်ခြင်း ပြုလုပ်ခဲ့ကြရာ ဆန္ဒဖော်ထုတ်ခဲ့ကြသော ပြည်သူလူထုမှ “ချင်းညီနောင်အဖွဲ့ဝင် (CB) ကာကွယ်ရေး၊ အုပ်ချုပ်ရေးကောင်စီ၊ တရားစီရင်ရေးအဖွဲ့တို့အား ပြန်လည်တောင်းပန်ရန်နှင့် ဆန္ဒဖော်ထုတ်ခြင်းမှာ ကျွန်တော်တို့မှားပါသည်”ဟု ဝန်ခံကတိ လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်းနှငွ ထိုသို့ ဝန်ခံကတိလက်မှတ်ရေးထိုးခြင်းမပြုပါက ChinLand Council ကို ထောက်ခံအားပေးသော ပြည်သူလူထုနှင့် တူမီးဂိတ်တွင် လာရောက်ဆန္ဒဖော်ထုတ်သော ပြည်သူလူထုအား အချိန်အကန့်အသတ်မရှိ ဆက်လက်ဖြတ်သန်းသွားလာခွင့် ပြုမည်မဟုတ်ကြောင်း CB အုပ်ချုပ်ရေးအဖွဲ့နှင့် CDF လက်နက်ကိုင်အဖွဲ့က ကြိမ်းမောင်းပြောဆိုကြသည်ဟုလည်း သိရသည်။
ထိုသို့ ချင်းညီနောင်အဖွဲ့ဝင် ကန်ပက်လက် CDF ၏ လုပ်ရပ်များသည် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များ ကာကွယ်ရန် ဦးတည်ချက်မရှိဘဲ၊ ပြည်သူလူထုအပေါ် သေနတ် အားကိုးပြီး ပြည်သူများအပေါ် အာဏာသုံးကာ အနိုင်ကျင့်ပြီး လူ့အခွင့်အရေး စော်ကားချိုးဖောက်ခြင်းများအား Chinland Council ကို ထောက်ခံအားပေးသော ချင်းပြည်သူလုထုမှ လုံးဝ ရှုတ်ချကြောင်းနှင့် အာဏာရှင်ဟူသမျှ ပြုတ်ကျရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေးကို လူသားတိုင်း အပြည့်အဝခံစားနိုင်ရန် ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်းသဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။