၂၁.၁၂.၂၀၂၄
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက်ကာမြို့တော်ရှိ ဘာနာနီကျူးကျော် ရပ်ကွက်တွင် ဒီဇင်ဘာလ ၂၁ ရက်၊ နံနက် ၅ နာရီခွဲခန့်က မီးလောင်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ မီးက ကျူးကျော်ရပ်ကွက်တစ်ခုလုံးကို ဝါးမျိုလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးသတ်အရာရှိများက ကျူးကျော်ရပ်ကွက်၏ အကွက် K၊ လမ်းအမှတ် ၂၂ တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ နံနက် ၅ နာရီခွဲတွင် မီးလောင်မှု သတင်းပေးချက်ကိုစတင်ရရှိခဲ့ပြီး ပထမဆုံးမီးသတ်ကားက နံနက် ၅ နာရီ ၄၁ မိနစ်တွင် ရောက်ရှိလာခဲ့ကြောင်း ပြောခဲ့ကြသည်။
ဒက်ကာမြို့အတွင်း မီးသတ်စခန်းများမှ မီးသတ်ယာဉ်များစုပေါင်း၍ ပြင်းထန်စွာလောင်ကျွမ်းနေသော မီးကို ခဲခဲယဉ်းယဉ်းငြှိမ်းသတ်ခဲ့ကြရကြောင်း သိရသည်။ မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဆာလီအတ်ဒင်က မီးကို နံနက် ၆ နာရီ ၃၆ မိနစ်တွင် ထိန်းချုပ်နိုင်ခဲ့ပြီး နံနက် ၈ နာရီခွဲတွင် လုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် သေကြေထိခိုက်မှုသတင်း မရရှိသေးကြောင်း၊ ကျူးကျော်ရပ်ကွက်အတွင်းနေထိုင်သူများကိုလည်း ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြောခဲ့သည်။
မီးလောင်မှု၏ အကြောင်းရင်းကိုစစ်ဆေးနေဆဲဖြစ်ပြီး ထိခိုက်ဆုံးရှုံးမှုပမာဏအတိအကျကိုလည်း မသိရသေးကြောင်း သိရသည်။ သို့သော် ကျူးကျော်ရပ်ကွက်အတွင်း နေထိုင်သူများက ဓာတ်ငွေ့ဆလင်ဒါအိုးများပေါက်ကွဲရာမှ စတင်မီးလောင်ခြင်းဟု သံသယရှိကြသည်။
Ref- Dhaka Tribune