၂၁. ၁၂. ၂၀၂၄
Written by Nyein Kyaw
နိုင်ငံတော်အစိုးရအနေဖြင့် ဒေါ်လာရရှိအောင် ဆောင်ရွက်ပေးထားပြီးဖြစ်၍ စားအုန်းဆီကို ရည်ညွှန်းဈေးထက် ၂ ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းရန်နှင့် ဝေးလံသောဒေသများတွင် အဆင့်ဆင့်အမြတ်တင်မှု ၁၀ ရာခိုင်နှုန်းထက် မပိုသောဈေးနှုန်းဖြင့်သာ ရောင်းချရန် ယနေ့ပြုလုပ်သည့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် မြန်မာနိုင်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက အသင်းသားများအား တိုက်တွန်းပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ပြည်ပမှတင်သွင်းသည့် စားသုံးဆီများ ပင်လယ်ဝကိုရောက်သည်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးနေပြီး လိုင်စင်ထုတ်ပေးသည့်ပမာဏ၏ ၃၅ ရာခိုင်နှုန်းအတွက် တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် ဒေါ်လာရောင်းချပေးကာ ကျန်ရှိ ၆၅ ရာခိုင်နှုန်းအတွက် Online Trading Platform မှ ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ဦးဆန်းလင်းက ပြောသည်။
အဆိုပါ နိုင်ငံခြားငွေဈေးနှုန်းများဖြင့် တွက်ချက်သည့် ရည်ညွှန်းဈေးနှုန်းများသည်လည်း အလွန်သက်သာမှုရှိပြီး စားသုံးသူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အလွယ်တကူဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
“ဒါကြောင့်မို့ တင်သွင်းလာတဲ့ စားအုန်းဆီများကို တစ်ဆင့်ပြန်လည်ရောင်းချတဲ့ လက်လီလက်ကား စားသုံးဆီကိုယ်စားလှယ်များအနေနဲ့လည်း မိမိတို့ရဲ့ သတ်မှတ်ထားတဲ့ ၂ ရာခိုင်နှုန်းအမြတ်နဲ့ပဲ စားသုံးသူများထံ အလွယ်တကူ ဖြန့်ဖြူးရောင်းချပေးဖို့ ကျွန်တော်အနေနဲ့ ဒီနေရာကနေ တိုက်တွန်းနှိုးဆော်ပါတယ်” ဟု ဦးဆန်းလင်းက ပြောသည်။
လက်ရှိတွင် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများမှ ရည်ညွှန်းဈေးနှုန်းအား ၂ ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချမှုကို ရာနှုန်းပြည့်ဆောင်ရွက်ပေးနေသည့်အတွက် ဝေးလံသောနေရာဒေသများသို့ ကိုယ်စားလှယ်များ ရောင်းချပေးရာတွင်လည်း သယ်ယူမှုအဆင့်တွင် ၂ ရာခိုင်နှုန်းအမြတ်သာတင်ရန်နှင့် အဆင့်ဆင့်မြတ်တင်မှုမှာလည်း ၁၀ ရာခိုင်နှုန်းထက် မပိုသောဈေးနှုန်းဖြင့်သာ ရောင်းချရမည်ဖြစ်သည်။
“၂ ရာခိုင်နှုန်းနဲ့ ရောင်းချတဲ့အခါမှာလည်း တချို့ဝေးတဲ့နေရာတွေကို သယ်ယူပို့ဆောင်ခတွေရှိရင်လည်း အဆင့်အဆင့် နှစ်ရာခိုင်နှုန်းပဲ ပေါင်းပြီးတော့ အလွန်ဆုံး ၁၀ ရာခိုင်နှုန်းထက်မပိုတဲ့နှုန်းနဲ့ ရောင်းချပေးရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိတို့ရဲ့ ရရှိထားတဲ့ ရောင်းချခွင့်ရှိတဲ့ စားအုန်းဆီများကို မိမိတို့ရဲ့ တာဝန်သိမှု၊ တာဝန်ရှိမှုနဲ့ သင့်တင့်မျှတတဲ့ ဈေးနှုန်းတစ်ခုနဲ့ သတ် မှတ်ထားတဲ့ ရည်ညွှန်းဈေးနှုန်းအတိုင်းပဲ စားသုံးသူများကို ရောင်းချပေးဖို့အတွက် စားသုံးသူများရဲ့ မျက်နှာကိုကြည့်ပြီး ရောင်းချပေးဖို့၊ စားသုံးသူရဲ့ အကျိုးကိုကြည့်ပြီး ရောင်းချပေးဖို့အတွက် ဒီနေရာကနေပြီးတော့ ကျွန်တော်ရဲ့ အသင်းသူအသင်းသားများ စားသုံးဆီကိုယ်စားလှယ်များကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်” ဟု ဦးဆန်းလင်းက ပြောသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဒီဇင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၇၂၅၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။