၂၁.၁၂.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရှိ Starbucks ကော်ဖီစတိုးဆိုင်များမှ အလုပ်သမားများက ၎င်းတို့၏ ငါးရက်ကြာသပိတ်မှောက် ဆန္ဒပြမှုကို အမေရိကန်ပြည်ထောင်စု၏ မြို့ကြီးသုံးမြို့တွင် ဒီဇင်ဘာလ ၂၀ ရက်က စတင်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကုမ္ပဏီနှင့် သဘောတူညီချက်ရရှိရန် ဆွေးနွေးမှုတွင် တိုးတက်မှုမရရှိခဲ့သည့်အတွက် အလုပ်သမားများက ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်းလည်း သတင်းများကဖော်ပြခဲ့ သည်။
Starbucks ကော်ဖီစတိုးဆိုင်များမှ ဝန်ထမ်းများနှင့် ကုမ္ပဏီ၏အခြားဝန်ထမ်းများက သပိတ်မှောက်မှုကို လော့စ်အိန်ဂျယ်လ်၊ ချီကာဂိုနှင့် ဆီတဲလ်မြို့ကြီးသုံးမြို့တွင် အဓိကဈေးဝယ်ရာသီအတွင်း ပြုလုပ်ခဲ့ကြခြင်းဖြစ်ရာ ထိုသပိတ်မှောက်မှုက ခရစ်စမတ်အကြိုနေ့မတိုင်မီပင် နိုင်ငံတစ်ဝန်းရှိ Starbucks ကော်ဖီ စတိုးဆိုင်ပေါင်းများစွာသို့ ပျံ့နှံ့သွားနိုင်ကြောင်းလည်း ခန့်မှန်းထားကြသည်။
Starbucks ကော်ဖီဆိုင်များမှ ဝန်ထမ်းများ၏ အလုပ်သမားသမဂ္ဂဖြစ်သော Starbucks Workers United က ဒီဇင်ဘာလ ၂၀ ရက် နေ့လယ်ပိုင်းတွင် အနည်းဆုံး ၁၀ နေရာ၌ ဆိုင်များကိုပိတ်ခဲ့ကြကြောင်း ပြောခဲ့သည်။ လော့စ်အိန်ဂျယ်လ်မြို့မှ Starbucks ကော်ဖီဆိုင်ဝန်ထမ်း Cassie Pritchasrd က ဒီဇင်ဘာလ ၂၀ ရက်တွင် “အလုပ်သမားတွေအနေနဲ့ သူတို့ရဲ့ အိမ်ငှားရမ်းခ၊ အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ကာမိစေမယ့် သင့်တင့်မျှတတဲ့ လစာကို လိုချင်ကြတယ်” ဟု ပြောကြားခဲ့သည်။
Pritchasrd က Starbucks ကုမ္ပဏီမှာ တစ်နှစ်လျှင် လစာ ၁ ဒသမ ၅ ရာခိုင်နှုန်းတိုးပေးမည်ဟု ကမ်းလှမ်းခဲ့မှုက အမှန်တကယ်တွင် ငွေဖောင်းပွမှုကို လိုက်မမီကြောင်း၊ ၎င်းက အမည်ခံလစာတိုးပေးခြင်းဖြစ်၍ အမှန်တကယ်တွင် လစာဖြတ် ခြင်းသာဖြစ်ကြောင်း CBS သို့ ပြောကြားခဲ့သည်။
လက်ရှိတွင် အမေရိကန်ရှိ Starbucks ကော်ဖီစတိုးဆိုင် ၅၃၅ ခုမှ အလုပ်သမားများက သမဂ္ဂနှင့်ပေါင်းစည်းဆန္ဒပြကြရန် မဲပေးခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုအတွင်း Starbucks ကုမ္ပဏီ၏ ကော်ဖီ စတိုးတိုင်ပေါင်း ၁၀,၀၀၀ နီးပါးရှိကြောင်း သိရသည်။
လက်ရှိတွင် Starbucks ကုမ္ပဏီနှင့် Starbucks Workers United သမဂ္ဂအကြား ဆွေးနွေးမှုများက ဖြေရှင်းချက်တစ်စုံတစ်ရာမရရှိဘဲ ချောင်ပိတ်မိနေသည့်အခြေအနေတွင်သာရှိနေကြောင်းလည်း သတင်းများကဆိုသည်။
Ref- CBS