၂၁.၁၂. ၂၀၂၄
Translated by Thettant
ဂျာမနီနိုင်ငံအရှေ့ပိုင်း ဆက်ဇိုနီအန်းဟော့ပြည်နယ်ရဲ့ မြို့တော် မက်ဒီဘတ်ဂ်မှာ ကျင်းပနေတဲ့ ခရစ္စမတ်စျေးပွဲတော်ထဲကို ဒီဇင်ဘာ ၂၀ ရက် ည ၇ နာရီခန့်အချိန်မှာ အရှိန်ပြင်းပြင်းမောင်းလာတဲ့ကားတစ်စီးက ဝင်တိုက်တာကြောင့် အနည်းဆုံး နှစ်ဦးသေပြီး လူ ၆၀ ကျော် ဒဏ်ရာရမှုဖြစ်ပွားခဲ့ပါတယ်။ ဒီဒဏ်ရာရသူတွေထဲမှာ အပြင်းအထန် ဒဏ်ရာရသူ ၁၅ ဦးခန့်ရှိလို့ သေဆုံးမှုတွေ ထပ်မံမြင့်တက်လာနိုင်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
ဒီ ဖြစ်ရပ်ကြောင့် ကလေးငယ်တစ်ဦး အပါအဝင် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့တာလို့လည်း ပြည်နယ်ဝန်ကြီးချုပ် ရိုင်နာဟက်ဆယ်လော့ဖ်က ပြောကြားခဲ့ပြီး ဒီဖြစ်ရပ်ကို ကျုးလွန်သူလို့ ယူဆခံထားရတာက မက်ဒီဘဂ်မြို့ဆီ ဆော်ဒီအာရေဗျနိုင်ငံကနေ ၂၀၀၆ ခုနှစ်ကတည်းက လာရောက်အလုပ်လုပ်နေတဲ့ အသက် ၅၀ ကျော် ဆရာဝန်ဖြစ်တယ်လို့လည်း ဟက်ဆယ်လော့ဖ်က ပြောကြားခဲ့ပါတယ်။
ဂျာမနီအာဏာပိုင်တွေက ဒီလုပ်ရပ်ဟာ ဆော်ဒီဆရာဝန်ရဲ့ တမင်ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်လုပ်ဆောင်မှုလို့ ယူဆထားပြီး သူဟာ အစ္စလာမ္မစ် အစွန်းရောက် တစ်ဦးအဖြစ် အာဏာပိုင်တွေဟာ အရင်ကမသိခဲ့ကြဘူးလို့လည်း DPA က အမည်မဖော်လိုတဲ့ လုံခြုံရေး အရာရှိတွေကို ကိုးကား ပြောကြားခဲ့ပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံတွေမှာလည်း ဒဏ်ရာနဲ့လဲကျနေသူတွေ အများအပြားရှိနေတာကို တွေ့ရပြီး ကျုးလွန်သူကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးနေတာကိုလည်း ထုတ်လွှင့်ထားသလို ဂျာမန်လုံခြုံရေးအာဏာပိုင်တွေကလည်း ခရစ္စမတ်ဈေးတွေမှာ သတိထားဖို့ ပြည်သူတွေကို နှိုးဆော်နေပါတယ်။
“အခြေအနေတွေအရ သူက တစ်ဦးတည်းသော ကျူးလွန်သူပဲ။ ဒါကြောင့် ကျွန်တော်တို့ သိထားသလောက် မြို့အတွက် နောက်ထပ် အန္တရာယ် မရှိပါဘူး”လို့ ဟက်ဆယ်လော့ဖ်က စုံစမ်းစစ်ဆေးမှုရလဒ်အပေါ် ပြည်သူကို အသိပေးပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်မှာ ဂျာမနီပြည်ထဲရေးဝန်ကြီး နန်စီ ဖေးဆာက ဂျာမနီရဲ့နာမည်ကြီးခရစ္စမတ်ဈေးပွဲတော်တွေကို “အလွန်သတိထား”ဖို့ တောင်းဆိုခဲ့ပြီး ခြိမ်းခြောက်မှုတွေအတွက် ခိုင်မာတဲ့ အထောက်အထားမရှိပေမဲ့ ခြိမ်းခြောက်မှု မြင့်မားတဲ့အခြေအနေလို့လည်း သူမက သတိပေးပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဖက်ဒရယ်လုံခြုံရေးအာဏာပိုင်တွေက လက်ရှိမှာ အန္တရာယ်ရှိကြောင်း ခိုင်မာတဲ့လက္ခဏာတွေ မရှိသေးဘူးလို့ ပြောကြားခဲ့ပေမဲ့ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုအဆင့်ကို ကြည့်ပြီး လုံခြုံရေးအတွက် အလွန်သတိရှိဖို့နဲ့ ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် လုံခြုံရေးအာဏာပိုင်တွေဟာ အစ္စလာမ္မစ်အစွန်းရောက်တွေလုပ်ဆောင်နိုင်တဲ့ ခြိမ်းခြောက်မှုကို စောင့်ကြည့်နေသလို ခရစ္စမတ်စျေးပွဲတော်တွေမှာ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း Nancy Faeser က ပြောကြားခဲ့ပါတယ်။
Ref, Euronews & France 24
ပုံစာ။ အစ္စလာမ္မစ်အစွန်းရောက်ဆော်ဒီဆရာဝန်က ကားနှင့်ဝင်တိုက်သည့်မြင်ကွင်းနှင့် တရားခံ ဖမ်းဆီးမှုမြင်ကွင်း (Photo BBC & Jero)