◾ အသက်ပေးလှူကျဆုံးသွားခဲ့ရသည့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်မှုထမ်းအဖွဲ့ဝင်၊ နိုင်ငံ့ဝန်ထမ်း၊ အခြားနိုင်ငံ့သားကောင်းများ အားလုံးကို အထူးအလေးထား ဦးညွတ်ဂုဏ်ပြုကြောင်းပါ SAC ဥက္ကဋ္ဌ ပြောကြား
◾ ပြည်တွင်း၊ ပြည်ပအန္တရာယ်များ ကြုံတွေ့နေရသည့် လက်ရှိအချိန်တွင် ပြည်သူလူထု၊ အစိုးရနှင့် တပ်မတော် ပေါင်းစည်းအားဖြင့် ကာကွယ်ရန်လို
၂၀. ၁၂. ၂၀၂၄
Written by Nyein Kyaw
အားကစားပွဲတော် ကျင်းပခြင်းသည် နိုင်ငံ့ဂုဏ်ကိုမြင့်တင်ပြီး နိုင်ငံကိုကာကွယ်နေခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားတွင် ပြောကြားသည်။
မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ယခုအမျိုးသားအားကစားပွဲတော်တွင် နိုင်ငံတော်၊ ပြည်သူလူထုနှင့် သက်ဆိုင်သည့်စကားအချို့ကို ပြောလိုကြောင်း၊ မိမိတို့အမိမြန်မာနိုင်ငံတော်အတွင်း စုပေါင်းနေထိုင်ကြသည့် နိုင်ငံသားတိုင်းသည် မိမိတို့ ကဏ္ဍအလိုက် ကျရာတာဝန်များကို နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် ထမ်းဆောင်နေကြသူများဖြစ်ကြကြောင်း၊ နိုင်ငံသူနိုင်ငံသားတိုင်း၏ တိုင်းချစ်ပြည်ချစ်စိတ်ကို ယခုနေရာမှ အလေးထား အသိအမှတ်ပြုကြောင်းကို ပြောကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အနိုင်ရရှိသည့်အခါ၌ မိမိနိုင်ငံ၏အလံနှင့် နိုင်ငံတော်သီချင်း လွှင့်တင်ပြီး နိုင်ငံတကာအလယ်တွင် ဂုဏ်ပြုခံရခြင်းထက် ဂုဏ်ယူဖွယ်၊ ဝမ်းမြောက်ဖွယ်ကောင်းသည်မှာ မရှိပါကြောင်း၊ အားကစားနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နေခြင်းဖြစ်ကြောင်း၊ မြန်မာဟူသည့်စိတ်ကို နိုးထစေပြီး နိုင်ငံကိုကာကွယ်နေခြင်းပင်ဖြစ်ကြောင်း၊ နှစ်စဉ်တည်ရှိနေမည့် အားကစားပွဲများမှ နိုင်ငံသားတိုင်း၏ နိုင်ငံချစ်စိတ်၊ နိုင်ငံအပေါ်ဂုဏ်ယူလိုစိတ်များကို တိုးတက်စေနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ယခုအားကစားပွဲတော်ကြီးတွင် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီး၊ နေပြည်တော်ကောင်စီနှင့် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးတိုမှ တိုင်းရင်းသားညီအစ်ကို၊ မောင်နှမများ၏ ဆုံစည်းမှုသည် သာမန်ဆုံစည်းမှု မဟုတ်ကြောင်း၊ သန့်ရှင်းမွန်မြတ်သည့် အားကစားစိတ်ဓာတ်ကိုအခြေခံပြီး တရားမျှတသည့် ယှဉ်ပြိုင်မှုများဖြင့် ရင်းနှီးချစ်ကြည်စွာ ဆုံစည်းခဲ့ကြခြင်းပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထိုကြောင့်လည်း အားကစားပြိုင်ပွဲ သက်သက်ကျင်းပခြင်းထက်ပိုသည့် အမျိုးသားလှုပ်ရှားမှု၊ အမျိုးသားအားမာန်တို့ကို ထုတ်ဖော်ပြသသည့်ပွဲတော်၊ စည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ပြသနိုင်သည့်ပွဲတော်၊ တစ်မျိုးသားလုံး၏ ကြံ့ခိုင်သန်စွမ်းမှုနှင့် စွမ်းအားများဝင့်ကြွားခံ့ထည်မှုကို ပြသနိုင်ခဲ့သည့်ပွဲတော်ကြီးဖြစ်သည်ဟုလည်း ဆိုရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် ပြည်တွင်း၊ ပြည်ပအန္တရာယ်များ၊ ဝင်ရောက်စွက်ဖက်မှုများဖြင့် ထိုးနှက်တိုက်ခိုက်မှုများ ကြုံတွေ့နေရသည့် လက်ရှိအချိန်တွင် ပြည်သူလူထု၊ အစိုးရနှင့် တပ်မတော်တို့၏ ပေါင်းစည်းအားဖြင့် ကာကွယ်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌက ထည့်သွင်း ပြောကြားသည်။
ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံသည် ပြည်တွင်း၊ ပြည်ပအန္တရာယ်များ၊ ဝင်ရောက်စွက်ဖက်မှုများဖြင့် ကြုံတွေ့နေရချိန်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသာမက မဟာဗျူဟာအချက်အခြာ ကျသည့် ကမ္ဘာ့နိုင်ငံငယ် အများစုသည်လည်း ယင်းအခြေအနေနှင့် ကြုံနေရကြောင်း၊ ထိုကဲ့သို့ အဖက်ဖက်မှ ထိုးနှက်တိုက်ခိုက်နေမှုများအပေါ် ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့၏ ပေါင်းစည်းအား၊ ညီညွတ်သောစိတ်ဓာတ်တို့ဖြင့် ကာကွယ်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အထူးအလေးအနက်ထားပြောကြားလိုသည်မှာ ထိုကဲ့သို အခက်အခဲများအကြား နိုင်ငံ၏နေရာဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၏ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်နေမှုများကိုလည်း အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့်၊ အမျိုးသားရေးကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ခွန်အားကို တိုးတက်စေမည့် ယခုအမျိုးသားအားကစားပွဲတော်ကြီးကို ယခုကဲ့သိုကျင်းပနိုင်၊ စုစည်းနိုင်ခဲ့ခြင်းမှာလည်း မိမိတို့နိုင်ငံကို လုံခြုံအောင်ကာကွယ်ပေးနေသည့် သူရဲကောင်းများရှိနေခြင်းကြောင့်ပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် မိမိတိုနိုင်ငံ၊ မိမိတိုလူမျိုး၊ မိမိတို့ပြည်သူများကို ကာကွယ်ရင်း အသက်ပေးလှူကျဆုံးသွားခဲ့ရသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်မှုထမ်းအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ အခြားနိုင်ငံ့သားကောင်းများအားလုံးကို အထူးအလေးထား ဦးညွတ်ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။