၂၀. ၁၂. ၂၀၂၄
Written by Nay Moe
KNU / KNLA တပ်မဟာ(၄) ဟာ မြိတ်-ထားဝယ်ခရိုင်မှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး နယ်ဒါးမြရဲ့ ကော်သူးလေးအာမီ- KTLA တပ်ဖွဲ့ဝင် (၁၄)ဦးကို ဖမ်းဆီးလိုက်တယ်လို့ ခရိုင်တာဝန်ရှိသူက အတည်ပြုကြောင်း KNU ရဲ့ KIC မီဒီယာက ဖော်ပြပါတယ်။
ဒီဒေသမှာ KNLA တပ်ရင်း(၁၀) နဲ့ တပ်ရင်း(၁၂) တပ်ဖွဲ့ဝင်တွေ မကြာခဏ ပစ်ခတ်ခံရပြီး လုံခြုံမှုမရှိတာကြောင့် KTLA က စောအယ်ကွီးထိန်းချုပ်တဲ့ နေရာ ၃ နေရာကို ရှင်းလင်းတာလို့ KNU ရဲ့ မြိတ် -ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုအယ်နာက ပြောပါတယ်။
“သူတို့က ကျွန်တော်တို့ နယ်မြေထဲမှာရှိတယ်။ ကျွန်တော်တို့က ရန်သူကို တိုက်ဖို့ လုပ်ရတာတွေရှိတယ်။ တစ်ဖက်မှာ လည်း သူတို့က ကြားမှာရှိပြီး ကျွန်တော်တို့ ခေါင်းဆောင်၊ တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်နေတာရှိတော့ ကျွန်တော်တို့ ဘက်ကလည်း သူတို့ကို ရှင်းရတာပေါ့” လို့ ပဒိုအယ်နာပြောကြောင်း KIC က ဖော်ပြပါတယ်။
KNU/KNLA က အခုလို နယ်မြေရှင်းလင်းရေးလုပ်ဆောင်တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ KTLA တပ်ဖွဲ့ဝင် ၃ ဦးကို သတ်ပြီး ၁၄ ဦးကို ဖမ်းဆီးရမိသလို လက်နက် ၁၇ လက်ကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ ဖော်ပြပါတယ်။
KTLA ကလည်း ဒီဇင်ဘာ ၈ ရက်မှာ KNLA၊ တပ်ရင်း(၁၂)၊ တပ်ခွဲ(၄)က ဒုတပ်ခွဲမှူးစောဖားဂျိုးကို ပစ်ခတ်ဖမ်းဆီး သတ်ဖြတ်ခဲ့သလို ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းကလည်း KTLA က KNLA ကားကို ပစ်ခတ်လို့ KNLA ရဲ့ စစ်ဘက်ရေးရာ ကွပ်ကဲရေးမှူး ဗိုလ်မှူးစောဖိုးစီနဲ့ တစ်ယောက်သေပြီး ၅ ဦးထိခိုက်ဒဏ်ရာရမှုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
Photo- KNU က KTLA ကို သတ်ဖြတ် ဖမ်းဆီးသည့်သတင်းတွင် KIC ဖော်ပြထားသည့် KTLA မှ ဗိုလ်စောအယ်ကွီးနှင့် တပ်ဖွဲ့ဝင်များ ( Photo -KTLA)