၂၀. ၁၂. ၂၀၂၄
Written by Nay Moe
ထိုင်းတပ်မတော်အကယ်ဒမီတက္ကသိုလ်များ ကြိုတင်လေ့ကျင့်ရေးကျောင်းက ခန္ဓာကိုယ်ကာယပိုင်းဆိုင်ရာကုသမှုကျွမ်းကျင်သူ Physical Therapist တစ်ဦးဟာ ထိုင်းဗိုလ်လောင်း ၁၈ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ထိုင်းဘုရင့်တပ်မတော်(RTARF) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝီထိုင်းလိုက်သွမ်ယာက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်း နခွန်နရုခ်ခရိုင်က အကယ်ဒမီစစ်သင်တန်းကျောင်းမှာ ဗိုလ်လောင်း ၁၈ ဦး လိင်ပိုင်းဆိုင်ရာပြုကျင့်စော်ကားခံရကြောင်း လူမှုကွန်ရက်မှာ ထွက်ပေါ်လာအပြီးမှာ စုံစမ်းစစ်ဆေးမှု စတင်ခဲ့တာပါ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆွန်ဝတ် နွန်ပက်ဒီက ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး တွေ့ရှိချက်တွေ ခုနစ်ရက်အတွင်း အစီရင်ခံဖို့လည်း အမိန့်ပေးခဲ့ပြီး လက်ရှိမှာ ကျူးလွန်ခံရသူ ၁၈ ဦးနဲ့ မျက်မြင်သက်သေ ၃ ဦးတို့ကို ကော်မတီက စစ်ဆေးပြီးစီးထားပြီလို့ သိရပါတယ်။
ကျုးလွန်သူလို့ စွပ်စွဲခံရတဲ့ ကာယပိုင်းဆိုင်ရာကျွမ်းကျင်သူဟာ လိင်ပိုင်းဆိုင်ရာ သာယာမှုကိုရရှိဖို့ ဗိုလ်လောင်း ၁၈ ဦးရဲ့ ခန္ဓာကိုယ်ကို မသင့်လျော်စွာ ပွတ်သပ်ခဲ့တယ်လို့ ထွက်ဆိုခဲ့သလို ကျုးလွန်ခံရသူတစ်ဦးက ကာယပိုင်းဆိုင်ရာကျွမ်းကျင်သူဟာ သူ့ လိင်အင်္ဂါကို ပွတ်သပ်ခဲ့တယ်လို့ ထွက်ဆိုကြောင်း ဝီထိုင်းက ရှင်းပြပါတယ်။
လက်ရှိမှာတော့ ကျုးလွန်သူကို စုံစမ်းစစ်ဆေးဆဲကာလမှာ တာဝန်က ဆိုင်းငံ့ထားပြီး RTARF ရုံးချုပ်မှာ စစ်ဆေးဆောင်ရွက်နေသလို အပြစ်ရှိကြောင်း တွေ့ရှိရင် ပြစ်မှုဆိုင်ရာ စွဲချက်အပြင် စည်းကမ်းပိုင်းဆိုင်ရာ ပြစ်ဒဏ်ပါ ချမှတ်ခံရမှာဖြစ်ပြီး ကြီးကြပ်ရေးမှူးတွေကိုလည်း ပေါ့ဆမှုကြောင့် စည်းကမ်းပိုင်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ ဝီထိုင်းက ဆက်ပြောပါတယ်။
ဗိုလ်လောင်းသင်တန်းအကယ်ဒမီကျောင်းက လက်ရှိမှာ လိင်ပိုင်းဆိုင်ရာကျုးလွန်ခံရတဲ့ ဗိုလ်လောင်း ၁၈ ဦးကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်ဆောင်ရွက်နေသလို ဗိုလ်လောင်းသင်တန်းကျောင်းရဲ့ ညွှန်ကြားရေးမှူးကလည်း ကျုးလွန်ခံရသူတွေရဲ့ မိသားစုကို တွေ့ဆုံဆွေးနွေးကာ စစ်ဆေးမှုအခြေအနေတိုးတက်မှုတွေကို ရှင်းပြပြီး ဖြစ်ရပ်အတွက် ဝမ်းနည်းရကြောင်းပြောဆိုကာ အားပေးနှစ်သိမ့်ထားတယ်လို့လည်း ဝီထိုင်းက ပြောပါတယ်။