၂၀.၁၂.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ယူတားပြည်နယ်အတွင်း Salt Lake City မြို့ရဲ့ဆင်ခြေဖုံးဖြစ်တဲ့ West Valley City မြို့က မြန်မာမိသားစုတစ်စုနေထိုင်ရာအိမ်မှာ ယောင်္ကျားဖြစ်သူက ဇနီးဖြစ်သူနဲ့ ကလေးသုံးဦးကိုသတ်ဖြတ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း သတ်သေသွားတယ်လို့ ယုံကြည်ရတဲ့ဖြစ်ရပ်တစ်ခု ဒီဇင်ဘာလအတွင်း ဒုတိယရက်သတ္တပတ်အကုန်မှာ ဖြစ်ခဲ့ရပါတယ်။
အသတ်ခံ သေဆုံးခဲ့တဲ့မိသားစုမှာ အသက် ၃၈ နှစ်ရှိမိခင်ဖြစ်သူအမျိုးသမီးကို ဘူမီး (Bu Meh) လို့ အမည်သိရပြီး သူက အမေရိကန်ရှိဆွေမျိုးတွေနဲ့ အတူနေထိုင်နိုင်ဖို့ မြန်မာနိုင်ငံမှထွက်ပြေးလာခဲ့သူ ဖြစ်တယ်လို့ ဆွေမျိုးတွေက ပြောကြပါတယ်။
ဒီဖြစ်ရပ်မှာ အသက် ၄၂ နှစ်အရွယ် ဒဲရီး (Dae Reh) အမည်ရှိ ခင်ပွန်းဖြစ်သူက မိသားစုကိုသတ်ဖြတ်ပြီး သူ့ကိုယ်သူ သေနတ်နဲ့ပစ်ကာ သတ်သေသွားခဲ့တာလို့ ရဲတပ်ဖွဲ့က ယုံကြည်ထားကြပါတယ်။ ဘူမီးရဲ့သေဆုံးနေတဲ့အလောင်းနဲ့အတူ သမီးတွေဖြစ်တဲ့ အသက်ရှစ်နှစ်ရှိ ခရစ်စတီးနားရီး (Kristina Ree) နဲ့ အသက်နှစ်နှစ်ရှိ ညေမဲ့ (Nyay Meh) တို့ကိုလည်း သေဆုံးလျက်တွေ့ကြရတာပါ။ အသက် ၁၇ နှစ်ရှိ သားဖြစ်သူ ရှာရီး (Sha Reh) ကတော့ ခေါင်းမှာဒဏ်ရာနဲ့အတူ အသက်ရှင်လျက်တွေ့ရပြီး ဦးဏှောက်မှာ ထိခိုက်ဒဏ်ရာရကာ ဆေးရုံတင်ထားရတယ်လို့ ရဲအဖွဲ့ကပြောပါတယ်။
လုပ်သေနတ်တစ်လက်ကိုတော့ ဒဲရီးရဲ့အလောင်းဘေးမှာတွေ့ကြရတာကြောင့် ရဲတပ်ဖွဲ့အနေနဲ့ ဒဲရီးဟာ မိသားစုဝင်တွေကို သတ်ဖြတ်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့တာလို ရဲတပ်ဖွဲ့က ပိုလို့ ယုံကြည်စရာ ဖြစ်လာပါတယ်။ ဒါပေမယ့်လူသတ်မှုရဲ့ အကြောင်းရင်းကိုတော့ ရဲတပ်ဖွဲ့က မပြောကြားသေးပါဘူး။ ဒီဖြစ်ရပ်က ဒီဇင်ဘာလရဲ့ ပြီးခဲ့တဲ့ ဒုတိယရက်သတ္တပတ်အကုန်မှာဖြစ်ခဲ့တာလို့ ယုံကြည်ရတယ်ဆိုတာ ရဲတပ်ဖွဲ့ကပြောခဲ့ပါတယ်။
ဘူမီးက ကယားတိုင်းရင်းသူအမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။ လွန်ခဲ့သော ဆယ်နှစ်လောက်ထဲက သူတို့ဟာ မြန်မာ နိုင်ငံမှထွက်ပြေးလာကြသူတွေလို့ ဆွေမျိုးတွေက ပြောပါတယ်။ သူတို့မိသားစုဟာ ထိုင်းနိုင်ငံ၊ ဒုက္ခသည်စခန်းတစ်ခုမှာ အတန်ကြာနေထိုင်ခဲ့ပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ကို အမေရိကန်ကို ရောက်လာကြသူတွေပါ။
ဘူမီးက သူ့မိသားစုတိုးတက်ဖို့ သူ့ဟာသူ အင်္ဂလိပ်စာကိုလေ့လာပြီး အလုပ်ကိုကြိုးစားလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း သူတို့မိသားစုဟာ ဘဝအိပ်မက်ဆိုးအခြေအနေကို လွန်မြောက်လာခဲ့ကြတယ်လို့ ဆွေမျိုးတွေကဆိုပါတယ်။
သူတို့ရဲ့ဆွေမျိုးတစ်ဦးက ဒီဇင်ဘာလ ၁၇ ရက်မှာ အိမ်သို့သွားတုံးမှာ ရှာရီးက ကားဂိုဒေါင်ထဲမှာ သေနတ်ဒဏ်ရာရထားတာကို တွေ့ရပြီး ရဲတပ်ဖွဲ့ကိုဖုန်းဆက်ရှာဖွေရာက အိမ်ထဲမှာ အလောင်းတွေကို တွေ့ရှိခဲ့ရတာပါ။
ဒီဖြစ်ရပ်ကတော့ ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်မှာ ၃၈ ခုမြောက် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းလည်းဖြစ်ခဲ့ပါတယ်။ ဒီနှစ်အတွင်း အမေရိကန်နိုင်ငံအတွင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေမှာ သေဆုံးသူ အနည်းဆုံး ၁၆၅ ဦးရှိခဲ့ပါတယ်။
Ref- AP