၂၀.၁၂.၂၀၂၄
Translated by Htwe Ko Tun
လေးနိုင်ငံ လုံခြုံရေးဆွေးနွေးပွဲအဖွဲ့ အမည်နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Quad အဖွဲ့ ရဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ၂၀၂၅ ခုနှစ်အတွင်းမှာ ပူးတွဲကမ်းခြေစောင့်တပ်ဖွဲ့လေ့ကျင့်ရေးတစ်ခုပြုလုပ်ဖို့နဲ့ အင်ဒို-ပစိဖိတ်ဒေသ ရေကြောင်းသွားလာမှု လုံခြုံရေးခိုင်မာစေဖို့ ပဏာမခြေလှမ်းသစ်တွေဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဒီမဟာဗျူဟာက ဒေသဆိုင်ရာစံနှုန်းတွေကို အတည်ပြုထိန်းသိမ်းဖို့ ပြိုင်ဘက်ရဲ့ အားနည်းချက်တွေနဲ့အလားအလာကို ရယူအမြတ်ထုတ်နိုင်အောင် Grey-zone နည်းဗျူဟာအဖြစ် ပြောင်းလဲဖို့နဲ့ တရုတ်နိုင်ငံရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လွန်းရာကျတယ်ဆိုရမယ့် ရေကြောင်းသွားလာရေးစည်းမျဉ်းတွေ အဓိပ္ပာယ်ဖွင့်မှုတို့ကို တုံ့ပြန်ဖို့ဆောင်ရွက်တာပဲလို့ ကျွမ်းကျင်သူတွေကတော့ ပြောခဲ့ကြပါတယ်။
အိန္ဒိယ၊ သြစတြေးလျ၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်တဲ့ Quad အဖွဲ့က သူတို့ရဲ့ ပထမဆုံးကမ်းခြေစောင့်တပ်ဖွဲ့ စစ်ရေးလေ့ကျင့်မှုကို တိုကျိုုပင်လယ်အော်ရှိ ယိုကိုဟားမားဆိပ်ကမ်းမှာ ဇန်နဝါရီလ ၈ ရက်မှာ ပြုလုပ်သွားမယ်လို့ Nikkei Asia သတင်းဌာနက ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းအရင်းအမြစ်တစ်ခုကို ကိုးကားဖော်ပြခဲ့ပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုက အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် ပါရာမက်ရှ် ဆီဗါမာနီရဲ့ အလည်ခရီးစဉ်နဲ့ အိန္ဒိယရဲ့ ကြီးမားလှတဲ့ကင်းလှည့်သင်္ဘောကြီး ယိုကိုဟားမားဆိပ်ကမ်းကို ရောက်ရှိချိန်တို့နဲ့ တိုက်ဆိုင်မှုရှိစေဖို့ အချိန်သတ်မှတ်ထားပါတယ်။
ဂျပန်နဲ့ အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့တွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ သြစတြေးလျကမ်းခြေစောင့်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရေနံနဲ့ အန္တရာယ်ရှိတဲ့ပစ္စည်းတွေထိန်းချုပ်ဖို့ လေ့ကျင့်မှုတွေပြုလုပ်ကြမှာအပြင် အဖွဲ့ဝင်အသီးသီးရဲ့ စစ်ဆင်ရေးဆိုင်ရာနည်းလမ်းတွေကို မျှဝေမှု၊ သုံးသပ်အကဲဖြတ်မှုတွေ အပြန်အလှန်ပြုလုပ်ကြမယ်လို့လည်း သတင်းကဖော်ပြခဲ့ပါတယ်။
သြစတြေးလျနိုင်ငံ၊ အမျိုးသားတက္ကသိုလ်ရဲ့ မဟာဗျူဟာနှင့် ကာကွယ်ရေးလေ့လာမှုများမှ ပါရဂူဘွဲ့အတွက် ကျမ်းပြုနေတဲ့ ဒုန်ကွန်လီက အင်ဒို-ပစိဖိတ်ဒေသအတွင်း လက်ရှိ အင်အားချိန်ခွင်လျှာ ဟန်ချက်ကြောင့် ကမ်းခြေစောင့်တပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍက ကြီးထွားလာခဲ့တယ်လို့ ပြောခဲ့ပါတယ်။
လီက တရုတ်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုနှစ်နိုင်ငံစလုံးနဲ့ သူတို့မိတ်ဖက်နိုင်ငံတွေက ပဋိပက္ခတွေကနေ တိုက်ရိုက်စစ်ဖက်တိုက်ပွဲတွေအထိ ဖြစ်လာတာတွေရဲ့ အန္တရာယ်တွေကို အသိအမှတ်ပြုလာကြတာကစလို့ သူတို့ကပြိုင်ဘက်ရဲ့ အား နည်းချက်တွေနဲ့ အလားအလာကို ရယူအမြတ်ထုတ်တဲ့ Grey-zone နည်းဗျူဟာကိုသာ ပိုမိုတိုးတက်လက်ခံလာကြပြီး သူတို့ထောက်ခံတဲ့စည်းမျဉ်းတွေနဲ့စံနှုန်းတွေကို အတည်ပြုနိုင်ဖို့ ဒါမှမဟုတ် အကျိုးသက်ရောက်မှုရှိစေဖို့ တိုးတက်လုပ် ဆောင်လာကြတာပဲလို့ This Week in Asia မီဒီယာကို ပြောကြားခဲ့ပါတယ်။
Grey-zone နည်းဗျူဟာက သမားရိုးကျ နိုင်ငံအုပ်ချုပ်မှုအတတ်နဲ့ စစ်ရေးပဋိပက္ခတို့အကြားရှိ ဆောင်ရွက်မှုတွေကို ရည်ညွှန်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီနည်းဗျူဟာအရ ပြိုင်ဖက်တွေကို အခိုင်အမာပိတ်ဆို့နိုင်ဖို့ ဒါမှမဟုတ် လွှမ်းမိုးနိုင်ဖို့အတွက် ကမ်းခြေစောင့်တပ်ဖွဲ့လို လက်နက်ကိုင်စစ်ရေးအင်အားစု မဟုတ်တဲ့ တပ်ဖွဲ့တွေကိုအသုံးပြုသွားမှာပါ။ ဒါပေမယ့်စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုကိုတော့ ဒီနည်းဗျူဟာက ရှောင်ရှားမှာပါ။
Quad အဖွဲ့အနေနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တွေ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ဖို့ကို စက်တင်ဘာလအတွင်းကျင်းပခဲ့တဲ့ Quad အဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒီထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သူ့ရဲ့ ဇာတိဖြစ်တဲ့ ဒီလာဝဲလ်ပြည်နယ်၊ ဝီလ်မင်တန်မြို့ မှာ အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့အတူ ကျင်းပခဲ့တာပါ။
ထိပ်သီးဆွေးနွေးပွဲက ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့လေးခုဟာ အင်ဒို-ပစိဖိတ်ရေပြင်ကို ကင်းလှည့်စောင့်ရှောက်ဖို့ ပူးတွဲလုပ်ဆောင်ချက်တာဝန်တစ်ရပ်ကို စတင်ကြမှာဖြစ်ပြီး တစ်နိုင်ငံရဲ့ သင်္ဘောတွေပေါ်မှာ အခြားတစ်နိုင်ငံက ပုဂ္ဂိုလ်တွေကိုသယ်ဆောင်လိုက်ပါကြမယ်လို့ ဖော်ပြခဲ့ပါတယ်။
နယူးဒေလီမြို့မှ လေ့လာသူများဖောင်ဒေးရှင်းကလေ့လာသူတစ်ဦးဖြစ်တဲ့ Sayantan Haldar က “ကမ်းခြေစောင့်တပ်ဖွဲ့အဆင့် ပူးတွဲလေ့ကျင့်မှုက ပင်လယ်ရေကြောင်းသွားလာရေးအမိန့်ညွှန်ကြားချက်တွေ စည်းစနစ်တကျဖြစ်စေဖို့ ဆောင်ရွက်ရာမှာ အဓိကကျတယ်။တရုတ်နိုင်ငံကလည်း အင်ဒို-ပစိဖိတ်ဒေသအတွင်း ရေတပ်လှုပ်ရှားမှုတွေ တိုးပွားလာနေတယ်။ ဖိလစ်ပိုင်လိုနိုင်ငံဆိုရင် ရန်လိုတဲ့အပြုအမူတွေကိုပြုလုပ်ခံနေရတယ်။ ဒီလိုတရုတ်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လွန်းပြီးပြုလုပ်လာမှုတွေကို တုံ့ပြန်ဖို့ ကမ်းခြေစောင့်တပ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှုက အဓိကကကျတဲ့ ယန္တရားတစ်ရပ်ပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် Haldar က “ဒီပဏာမခြေလှမ်းက Quad အဖွဲ့အတွင်း စုပေါင်းညှိနှိုင်းဆောင်ရွက်မှုရဲ့ အကျိုးရလဒ်ကို ဖြည့်ဆည်းပေးပါလိမ့်မယ်။ ပင်လယ်ပြင်မှာ တရုတ်ရဲ့ကျူးကျော်ရန်စမှုခံနေရတဲ့ အင်ဒို-ပစိဖိတ်ဒေသက တခြားစိတ်ဆန္ဒတူညီတဲ့ နိုင်ငံတွေလည်း ပါဝင်လာနိုင်ပါတယ်လို့ This Week in Asia မီဒီယာကို ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ပူးတွဲကမ်းခြေစောင့်တပ်ဖွဲ့တွေရဲ့ လှုပ်ရှားဆောင်ရွက် စစ်ကစားမှုအတွက် စစ်ဆင်ရေးလုပ်ငန်းနယ်မြေသတ်မှတ်ရာမှာ မရှင်းလင်းတဲ့မေးမြန်းစရာလေးတွေ ရှိနေပါသေးတယ်။
နိုင်ငံရေးအကဲဖြတ်တစ်ဦးဖြစ်တဲ့ ဒုန်ကွန်လီက တရုတ်ဘက်ကအမြင်ကိုကြည့်ရင် ရေကြောင်းသွားလာမှုစံနှုန်းတွေကို ကိုယ်ပိုင် အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဒါတွေ အတည်ဖြစ်စေဖို့ အလေးထားပါတယ်။ အမေရိကန်နဲ့ သူ့ရဲ့မိတ်ဖက်တွေကတော့ သူတို့ရဲ့စည်းမျဉ်းစည်းကမ်းတွေကို သူတို့နားလည်တဲ့အတိုင်း အတည်ပြုနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီမှာမေးစရာရှိတာက ဒီနိုင်ငံတွေအကြား ပူးတွဲကမ်းခြေစောင့်တပ်ဖွဲ့တွေရဲ့ လှုပ်ရှားဆောင်ရွက် စစ်ကစားမှုအတွက် စစ်ဆင်ရေးလုပ်ငန်းနယ်မြေနဲ့ သက်ဆိုင်တာလေးတွေပါ။ ကမ်းခြေစောင့်တပ်ဖွဲ့တွေအနေနဲ့ သူတို့ပြည်တွင်းဥပဒေတွေနဲ့အညီ လေ့ကျင့်လှုပ်ရှားရသူတွေပါ။ ဒီလိုဆိုရင် အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယနဲ့ သြစတြေးလျတို့ဟာ သူတို့ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တွေ အရှေ့ တရုတ်ပင်လယ်မှာ တပ်ဖြန့်ချထားဖို့ရာ ဥပဒေနဲ့မညီဖြစ်နေကြတာတွေ့ရပါမယ်လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဒုန်ကွန်လီက “တောင်တရုတ်ပင်လယ်ကိစ္စကလည်း ရှုပ်ထွေးလှတဲ့ ဥပဒေဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာကိစ္စတွေပါဝင်ပတ်သက်နေတယ်။ ဂျပန်ကတော့ အငြင်းပွားနေတဲ့ရေလမ်းကြောင်းမှာ ပိုင်နက်ပိုင်ဆိုင်တယ်လို့ ပြောထားတာလည်း မရှိသေးဘူး။ ဒီတော့ ဒီနေရာမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်တာက သူ့အတွက် ဥပဒေနဲ့မညီဘူးဖြစ်နေတယ်လို့ ရှင်းလင်းခဲ့ပါသေးတယ်။
ဒီမှာ လက်တွေ့ ရွေးချယ်လုပ်ဆောင်ဖို့နည်းလမ်းတွေမှာ အရှေ့တရုတ်ပင်လယ်အတွင်း လေ့ကျင့်မှုစစ်ဆင်ရေးတွေအတွက် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောတွေပေါ် အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယနဲ့ သြစတြေးလျ ကမ်းခြေစောင့်တပ်ဖွဲ့တွေက ပုဂ္ဂိုလ်တွေတင်တာ ဒါမှမဟုတ် တောင်တရုတ်ပင်လယ်ကိစ္စအတွက် ဖိလစ်ပိုင်ရဲ့ပင်လယ်ရေကြောင်းသွားလာရေးဥပဒေစိုးမိုးနိုင်မှုစွမ်းရည်တွေကို အားကောင်းစေဖို့ ပံ့ပိုးကူညီတာတွေလည်းပါဝင်မှာပါလို့ ဒုန်ကွန်လီက ရှင်းလင်းပြောကြားခဲ့ပါသေးတယ်။
စက်တင်ဘာလအတွင်းက Quad အဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲအပြီးမှာတော့ အိန္ဒိယဝန်ကြီးချုပ် နေရန်ဒရာ မိုဒီရဲ့ဝန်ကြီးချုပ်ရုံးက အင်ဒို-ပစိဖိတ်ရေပြင်အတွင်းလေ့ကျင့်မှုအတွက် မေထရီ(Maitri) ခေါ်တဲ့ ဒေသတွင်း ပင်လယ်ရေကြောင်းသွားလာရေးဆိုင်ရာပဏာမခြေလှမ်းကို Quad အဖွဲ့က ဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါက မိတ်ဖက်နိုင်ငံတွေအကြား ပင်လယ်ရေကြောင်းသွားလာမှုဆိုင်ရာ လုံခြုံမှုကိုမြှင့်တင်ပေးလိမ့်မယ်လို့လည်း ကြေညာချက်က ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ၂၀၂၅ ခုနှစ်မှာတော့ Quad အဖွဲ့ရဲ့ အလုပ်ရုံဖွင့်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပမှာပါ။
ဩစတြေးလျနိုင်ငံ၊ La Trobe Asia University က လေ့လာသူနဲ့ အဆင့်မြင့်ညှိနှိုင်းဆွေးနွေးသူဖြစ်တဲ့ Kate Clayton က Maitri လေ့ကျင့်ရေးအစီအစဉ်တွေက အင်ဒို-ပစိဖိတ်ရေပြင်မှာ တရုတ်ရဲ့ အင်အားတိုးချဲ့လာမှုနဲ့ရန်လိုမှုတွေတိုးတက်လာမှုကို တုံ့ပြန်ဖို့ ခြေလှမ်းသေးသေးလေးပါလို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အိန္ဒိယနိုင်ငံ၊ ဂျာဝါဟာလာ နေရူး တက္ကသိုလ်ရဲ့အင်ဒို-ပစိဖိတ်လေ့လာမှုဗဟိုမှတွဲဘက်ပါမောက္ခ ဒေါက်တာ ရှုဘာမီထရာ ဒတ်စ်က “Quad အဖွဲ့ရဲ့မဟာဗျူဟာက ရန်လိုသူတွေကို တားဆီးဖို့အတွက် စိတ်သဘောထားတူတဲ့ မိတ်ဖက်နိုင်ငံတွေ အရေအတွက် တိုးမြင့်လာစေမှာပါ။ ကိုယ်နဲ့ အယူဝါဒတူတဲ့ နိုင်ငံတွေပိုများလေ၊ ပြိုင်ဘက်အဖို့လည်း ရန်လိုတဲ့နည်းလမ်းတွေလုပ်ဖို့နှစ်ဆစဉ်းစားရလေဖြစ်မှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင်ဒတ်စ်က “ခုလို Quad အဖွဲ့ရဲ့ဆောင်ရွက်မှုမဟာဗျူဟာက နိုင်ငံငယ်တွေကို တရုတ်ကနေ စွန့်ခွာသွားဖို့လုပ်တာလို့ အတိအကျမပြောနိုင်ဘူး။ ဒါပေမယ့် ဒါက နိုင်ငံငယ်တွေအဖို့ သူတို့ရဲ့နိုင်ငံခြားရေးဝါဒတွေမှာ သူတို့ရဲ့ စွမ်းဆောင်နိုင်ရည်၊ အခြေအနေကို အသုံးချနိုင်မယ့် ယန္တရားလို့ ဆိုရမှာပဲ” လို့ ဆက်လက်ပြောခဲ့ပါတယ်။
ခုလို အခြေအနေတွေ၊ ဝေဖန်သုံးသပ်မှုတွေကြောင့်လည်း Quad အဖွဲ့ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ ပူးတွဲလေ့ကျင့်မှုကိုနိုင်ငံငယ်လေးတွေနဲ့အတူ နိုင်ငံအများအပြားက ပေါင်းစည်းပြီး အင်အားကြီးတွေအကြား ပဋိပက္ခမဖြစ်ကြဘဲ အင်ဒို-ပစိဖိတ်ဒေသကို ငြိမ်းချမ်းအောင် ထိန်းသိမ်းနိုင်စေဖို့ Quad အဖွဲ့က ပဏာမ ခြေလှမ်းစတင်လာတာလို့ ဆိုချင်ပါတယ်။
Ref- SCMP