◾ ယခုနှစ်အတွင်း YBS ယာဥ်တိုက်မှုကြောင့် ဒဏ်ရာရသူ ၁၃၆ ဦးရှိပြီး သေဆုံးသူ ၃၆ ဦးအထိ ရှိနေ
၂၀.၁၂.၂၀၂၄
Written by Hey Mar
YBS ယာဉ်မတော်တဆမှုဖြစ်စဉ်တွေအတွင်း သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုကို ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ YRTC ရဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာပြုလုပ်တဲ့ အစည်းအဝေးမှာ နှိုင်းယှဉ်ချက်စစ်တမ်း အနေနဲ့ ထုတ်ပြန်ခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူက ဒီဖြစ်ရပ်တွေအပေါ် ယာဉ်တွေ ကျော်တက်မောင်းနှင်မှု၊ ဘေးတံခါးဖွင့် မောင်းနှင်မှု တွေကြောင့် အပါအဝင် ရန်ကုန်မြို့တွင်းစက်ဘီးနဲ့သွားလာသူ၊ စက်ဘီစီးDelivery ပို့ဆောင်တဲ့ ဝန်ဆောင်မှုပေးသူတွေ ပိုမိုများလာတာကြောင့်လည်း ပါဝင်တယ်လို့ မှတ်ချက်ပေးပါတယ်။
မနှစ်ကထက်စာရင် လမ်းဖြတ်ကူးသူတိုက်မိမှု၊ ယာဉ်ပေါ်က မတော်တဆပြုတ်ကျမှုတွေ လျော့ကျခဲ့ပေမယ့် စက်ဘီးစီးနင်းသူတိုက်မိမှုက မနှစ်က သေဆုံးသူ သုံးဦးသာရှိခဲ့ေပမယ့် ဒီနှစ်မှာတော့ ဆယ်ဦးဖြစ်ခဲ့ပြီး ခုနစ်ဦးပိုများလာတာပါ။
YRTCရဲ့ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူးဦးလျန်ကျင့်မာန်က “လမ်းဖြတ်ကူးသူတိုက်မိတာဆိုရင် ဒါကယှဉ်ပြိုင်ကျော်တက်မောင်းနှင်လို့၊ ယာဉ်ပေါ်ကပြုတ်ကျတာတွေဆိုရင်လည်း ဘေးတံခါးဖွင့်မောင်းနှင်လို့၊ အဲဒါတွေကြောင့်မို့ ကျွန်တော်တို့ ဒါတွေကို ပြင်းပြင်း ထန်ထန်တားမြစ်အရေးယူမှုတွေလည်း ပြုလုပ်နေတာပါ”လို့ MT News ကို ပြောပါတယ်။
YBS ယာဉ်နဲ့ စက်ဘီးနင်းသူတိုက်မှုအနေနဲ့လည်း အရင်ကထက် လျှက်စစ်စက်ဘီး၊ ဘတ္ထရီစက်ဘီး စီးနင်းသွားလာမှု လမ်းပေါ်မှာ ပိုမိုများပြားလာပြီး အများစုက လက်ယာကပ်ကာစီးနင်းရမယ့် စည်းကမ်းတွေကို မလိုက်နာကြဘဲ လမ်းလယ်ကနေ စီးနင်းကြတာကြောင့် ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတွေလို့ ရှင်းပြပါတယ်။
ဦးလျန်ကျင့်မာန်က “လမ်းလယ်က စီးကြတာများတယ်။ နောက်ပြီး ဘေးမကြည့် နောက်မကြည့် ကွေ့ချကြတာတွေ၊ စက်ဘီးတွေမှာ နောက်ကြည့်မှန်တွေ တပ်မထား၊ မပါကြဘူး။ စက်ဘီးစီးမယ့်သူ လိုက်နာရမယ့် စည်းကမ်းတွေလည်း မလိုက်နာကြဘူး။ ကျွန်တော် အမြဲ သတိပေးနေတာလေးရှိပါတယ်။ စက်ဘီး၊ ဆိုက်ကားအပါပေါ့။ လူ့ခွန်အားနဲ့ အားစိုက်ပြီးမှ သွားရတဲ့ ယာဉ်ဖြစ်ပါတယ်။ မော်တော်ကားဆိုတာက စက်အားနဲ့ သွားနေတာဖြစ်ပါတယ်။ အဲ့ဒါမို့ကျွန်တော်က ယာဉ်မောင်းတဲ့လူတွေကို မေတ္တာရပ်ခံချင်တာက လူအားနဲ့ စီးနင်းတဲ့ယာဉ်တွေကို ဦးစားပေးဖို့ပေါ့နော်။ စက်အားနဲ့ သွားနေတဲ့ ဒရိုင်ဘာတွေက ကိုယ်ချင်းစာပြီး ဦးစားပေးဖို့ လိုအပ်ပါတယ်ဆိုတာလေး။ အဲ့ဒါမျိုး လိုက်နာသွားလို့ရှိရင်လည်း အခုလိုဖြစ်စဉ်တွေ လျော့ကျလာမှာလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
အခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ YBS ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူ ၁၃၆ ဦး ရှိခဲ့ကာ သေဆုံးသူ ၃၆ ဦးရှိခဲ့ပြီး မနှစ်ကထက် ဒဏ်ရာရရှိသူ ၁၉ ဦး ပိုများခဲ့ပြီး သေဆုံးသူကတော့ တစ်ဦးတိုးလာတာလည်း YRTC ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။