◾ ထိုင်းနယ်စပ်မှာ မြန်မာအမျိုးသမီးတွေ ကလေးလာမွေးဖွားမှု မြင့်တက်လာပေမဲ့ ထိုင်းနိုင်ငံသားတွေလိုမျိုး အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်မရှိသလို မွေးလာတဲ့ကလေးကလည်း ထိုင်းနိုင်ငံသားဖြစ်ခွင့်မရှိ
၂၀. ၁၂. ၂၀၂၄
Translated by Tha Doe
(မြန်မာအမျိုးသမီးများ ထိုင်းနယ်စပ်ဆေးရုံတွင် ကလေးလာမွေးဖွားမှုနှုန်း မြင့်တက်လာမှုနှင့်ပတ်သက်၍ Bangkok Post တွင် ဖော်ပြထားသော “Babies born to Myanmar Mums ‘not entitled to free treatment'” ဆောင်းပါးနှင့် Thai News တွင် ဖော်ပြထားသော”Healthcare Challenges for Myanmar Babies Born in Thai Border Hospitals” ဆောင်းပါးတို့မှ ကောက်နုတ်၍ ဆီလျော်သလို ပြန်ဆိုထားပါသည်။)
ထိုင်းနိုင်ငံနယ်စပ်က ဆေးရုံတွေမှာ မွေးဖွားတဲ့ မြန်မာကလေးငယ်တွေကို ဂဏန်း ၁၃ လုံးနဲ့ မွေးဖွားကြောင်း မှတ်ပုံတင်နံပါတ် အလိုအလျောက် ထုတ်ပေးပေမဲ့လည်း ထိုင်းနိုင်ငံသားတွေလို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့် မရှိဘူးလို့ ထိုင်းနိုင်ငံရဲ့ အမျိုးသားကျန်းမာရေး လုံခြုံရေးရုံး (NHSO) က ထုတ်ပြန်ပြောဆိုပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု အကျိုးကျေးဇူးများစွာရရှိစေရေး ထိုင်းဆေးရုံမှာ ကလေးမွေးဖွားဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာ ကိုယ်ဝန်ဆောင်အမျိုးသမီး အရေအတွက် မြင့်တက်လာမှုနဲ့ပတ်သက်လို့ မီဒီယာတွေကို NHSO က တုံ့ပြန်လာတာဖြစ်ပြီး အရေးအကြီးဆုံးအချက်ကတော့ ထိုင်းက ထုတ်ပေးတဲ့ ဂဏန်း ၁၃ လုံးပါ မှတ်ပုံတင်ကတ်တွေဟာ ထိုင်းနိုင်ငံမှာ မွေးဖွားသူတွေလို့သာ သတ်မှတ်ပြီး ထိုင်းနိုင်ငံသားအဖြစ်မွေးဖွားလာတာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသား သတ်မှတ်ထားတယ်လို့လည်း NHSO ရဲ့ အထွေထွေအတွင်းရေးမှူး Dr. Jadej Thammatacharee က ပြောပါတယ်။
ထိုင်းမှာ ကလေးလာမွေးတဲ့ မြန်မာအမျိုးသမီးတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အကျုံးမဝင်သလို ရွှေ့ပြောင်းနေထိုင်သူတွေအတွက် အထူးစီမံပေးထားတဲ့ Universal Healthcare Coverage စီမံချက်အောက်မှာ ကျန်းမာရေးအာမခံ ပက်ကေ့ချ်ကို အခွင့်ကောင်းယူနေတာလို့လည်း Drama-Addict Facebook စာမျက်နှာကို အမည်မဖော်လိုတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သလို ပြီးခဲ့တဲ့နိုဝင်ဘာကတုန်းက ထိုင်းမြန်မာနယ်စပ်ဆေးရုံတစ်ခုမှာ ထိုင်းအမျိုးသမီး ၈၀ သာ ကလေးမွေးဖွားပေမဲ့ မြန်မာအမျိုးသမီးတွေကတော့ ကလေး ၁၆၀ ခန့် မွေးဖွားခဲ့တယ်လို့လည်း နှိုင်းယှဥ်ပြပါတယ်။
တစ်ချိန်တည်းမှာပဲ NHSO က ကလေးတစ်ဦးရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ဆုံးဖြတ်ဖို့အတွက် သိရှိလိုရင် ပြည်ထဲရေးဝန်ကြီးဌာနက လုပ်ဆောင်တဲ့ ဗဟိုဒေတာဘေ့စ်ကို ဝင်ရောက်ကြည့်ရှုဖို့လည်း အခိုင်အမာ ပြောကြားပါတယ်။
ထိုင်းနိုင်ငံမှာဆိုရင် ၂၀၁၀ ပြည့်နှစ်က ထိုင်း အစိုးရ အဖွဲ့ ဆုံးဖြတ်ချက်အရ အတည်ပြုထားတဲ့ “Tho 99 Right” ဟာ အဲဒီအချိန်က နိုင်ငံသားစိစစ်ခြင်းကို စောင့်ဆိုင်းနေပြီး ကျန်းမာရေးစောင့်ရှောက်မှု တစ်စုံတစ်ရာမရှိဘဲ ထွက်ခွာသွားရတဲ့ ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား ၄၀၀,၀၀၀ ကနေ ကြား ၅၀၀,၀၀၀ အတွက် အထူးရည်ရွယ်ထားတာလို့လည်း Jadej က ရှင်းပြပါတယ်။ ဒါ့အပြင် “Tho 99 Rights Fund” ဟာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ မွေးကင်းစကလေးငယ်တွေအတွက် သက်သာချောင်ချိရေးအကျိုးခံစားခွင့်ကို သူတို့ အခွန်ဆောင်တဲ့စရိတ်နဲ့ ထောက်ပံ့ထားတယ်လို့ အဲဒီကာလက ဖော်ပြခဲ့မှုဟာ ထိုင်းနယ်စပ်ဆေးရုံမှာ ကလေးလာမွေးတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ရင်သွေးတွေကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ခွင့်၊ နိုင်ငံသားဖြစ်ခွင့်ပေးတာ မဟုတ်ဘူးလို့လည်း ဆက်လက်ရှင်းပြပါတယ်။
ဆက်လက်ပြီး သူက “Tho 99 Right Fund”နဲ့
ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေးဟာ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတွေနဲ့ သူတို့က မွေးဖွားလာတဲ့ ကလေးတွေအတွက်သာဖြစ်ပြီး ထိုင်းမှာ ကလေးလာမွေးသူတွေနဲ့ ဆေးကုသမှုလာခံယူတဲ့ မြန်မာနိုင်ငံသားတွေအတွက် မဟုတ်ကြောင်းနဲ့ “Tho 99 Right”ခံစားခွင့်ရယူဖို့ အရည်အချင်းမပြည့်မီတဲ့ နိုင်ငံခြားသားအားလုံးဟာ ဆေးဖိုးဝါးခကို ကိုယ့်အိတ်ထဲကနေ ပေးဆောင်ရမှာဖြစ်တယ်လို့လည်း Dr. Jadej က ပြောကြားခဲ့ပါတယ်။
“Tho 99 Right” အရ အရည်အချင်းပြည့်မီတဲ့ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်အတွက် နှစ်စဉ် ဘတ်ဂျက်က တစ်နှစ်ကို ဘတ်ငွေ ၂ ဘီလျံကနေ ၃ ဘီလျံအထိရှိတယ်လို့လည်း Dr. Jadej က ဆက်လက်ရှင်းပြပါတယ်။
လက်ရှိမှာတော့ နယ်စပ်ဆေးရုံတွေကို လာကုသမှုခံယူတဲ့ “Tho 99 Right” အရ အရည်အချင်းမပြည့်မီတဲ့ လူနာတွေကို ကုသပေးတဲ့ ဥပဒေကြမ်းကို နိုင်ငံတော်က တင်သွင်းထားတယ်လို့ ပြည်သူ့ကျန်းမာရေးဌာနကအမြဲတမ်းအတွင်းဝန် ဒေါက်တာ Opas Karkawinpong က ပြောဆိုပြီး Drama-addict Facebook က မြန်မာအမျိုးသမီးတွေဟာ Universal Healthcare Coverage စီမံချက်အောက်မှာ ကျန်းမာရေးအာမခံ ပက်ကေ့ချ်ကို အခွင့်ကောင်းယူနေတာလို့ ပြောဆိုချက်ကိုလည်း ပယ်ချခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းမြန်မာ နယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်လိုမြို့က ဆေးရုံတွေဟာ သူတို့ရဲ့ ဝန်ဆောင်မှုကောင်းတာကြောင့် မြန်မာလူနာတွေက လာရောက်ကုသမှုခံယူနေတာဖြစ်ပြီး ဒီဆေးရုံတွေမှာ လူသားချင်းစာနာထောက်ထားမှုအရ အခမဲ့ ဆေးကုသမှု ပေးခဲ့ရတာတွေရှိပေမဲ့ နယ်စပ်ဆေးရုံအားလုံးက အရှုံးပေါ်နေတာမဟုတ်ဘူးလို့လည်း ပြောခဲ့သလို နယ်စပ်ဆေးရုံတွေမှာ လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်တွေဟာလည်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စည်းမျဉ်းအောက်မှာ အသက်ကယ်ကုသမှုကို ခံယူခွင့်ရရှိမှာဖြစ်သလို ဒီလိုအရေးကြီးတဲ့စောင့်ရှောက်မှုအတွက်လည်း ဘတ်ဂျက်ပံ့ပိုးပေးထားတယ်လို့ Dr. Opas က ရှင်းပြပါတယ်။
မည်သို့ပင်ဆိုစေကာမူ Dr. Opas က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်အရ အခမဲ့ ဆေးဝါးကုသပေးရတာကြောင့် အချို့သော ဆေးရုံတွေဟာ ငွေကြေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာကိုတော့ အသိအမှတ်ပြုခဲ့ပါတယ်။
Drama-addict Facebook ပို့စ်မှာ ဖော်ပြထားတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးရဲ့ ပြောဆိုမှုအရ လမစေ့ဘဲ ကလေးမွေးဖွားမှုနဲ့ မြန်မာနိုင်ငံက မိဘတွေက ကလေးလာမွေးဖွားမှုအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့် အရည်အချင်းမပြည့်မီတဲ့ ကလေးတွေကို မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်မှာ ပြုစုစောင့်ရှောက်ဖို့ လိုအပ်ပြီး ဒီစောင့်ရှောက်မှုဟာ ကုန်ကျစရိတ်များလေ့ရှိသလို ကလေးတစ်ဦးအတွက် ဘတ်ငွေထောင်ပေါင်းများစွာကုန်ကျသလို ဒီကုန်ကျစရိတ်ဟာ ထိုင်းနယ်စပ်ဆေးရုံတွေအဖို့ ဘဏ္ဍာရေးလည်ပတ်မှုအပေါ် သက်ရောက်မှုရှိနေတယ်လို့လည်း ပြောခဲ့တာကြောင့် NHSO က ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အရေးနဲ့ ရန်ပုံငွေဆိုင်ရာ ငြင်းခုံမှုဟာ အလွန်နက်နဲသိမ်မွေ့ပြီး နားလည်မှုလွဲလေ့ရှိကြောင်း ထင်ရှားပေမဲ့ အမျိုးသားရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာတော့ ထိုင်းကျန်းမာရေးစောင့်ရှောက်မှုစနစ်က ထိန်းသိမ်းထားရမယ် မျှတမှုကို မြန်မာအမျိုးသမီးတွေ ထိုင်းမှာ ကလေးလာမွေးတဲ့ ဖြစ်ရပ်က မီးမောင်းထိုးပြနေပါတယ်။