၁၉.၁၂. ၂၀၂၄
Translated by Htwe Ko Tun
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သူ့အနေနဲ့ အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရန့်နဲ့ မည်သည့်အချိန်တွင်မဆိုတွေ့ဆုံဆွေးနွေးသွားရန် အဆင်သင့် ရှိပါတယ်လို့ ဒီဇင်ဘာလ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
သူ့ရဲ့နှစ်ပတ်လည် သတင်းစာရှင်းပွဲမှာ ပူတင်က သူ့အနေနဲ့ ထရန့်နဲ့ စကားပြောဆိုဆွေးနွေးမှုမပြုရ တာလေးနှစ်ကြာသွားခဲ့ပြီဖြစ်ပြီး တကယ်လို့များ တွေ့ဆုံဆွေးနွေးခွင့်ရမယ်ဆိုရင် ဆွေးနွေးရမယ့် အကြောင်းအရာတွေ အများကြီးရှိပါတယ်လို့လည်း ပြောခဲ့ပါတယ်။
ဇန်နဝါရီလ ၂၀ ရက်မှာ အမေရိကန်ပြည်ထောင်စုရဲ့သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်မယ့် ထရန့် အနေနဲ့ ရုရှားအစိုးရဘက်ကို မျက်နှာသာပေးပြီး စစ်ပွဲရပ်ဆိုင်းဖို့ ယူကရိန်းကို ဖိအားပေးလာမလား ဆိုတာ ယူကရိန်းအစိုးရထဲမှာလည်း စိုးရိမ်နေကြပါတယ်။
ပူတင်ကတော့ သတင်းစာရှင်းပွဲမှာ စစ်မြေပြင်မှာ ရုရှားဘက်က အသာရနေတယ်လို့ပြောခဲ့ပါတယ်။ ဒါပေမယ့် ယူကရိန်းတပ်ဖွဲ့တွေ သြဂုတ်လက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရုရှားနိုင်ငံရဲ့ ကာ့စ်ခ်ဒေသ အနောက်ပိုင်းကို ရုရှားက ဘယ်တော့ပြန်လည်ရယူမလဲ မပြောနိုင်သေးတာကိုတော့ ပူတင်အနေနဲ့ ဝန်ခံခဲ့ရပါတယ်။
Ref- Xinhua, NDTV