

၁၉. ၁၂.၂၀၂၄
Written by Thettant
မန္တလေးမှာ လူငယ် OG သားဖွားမီးယပ် ဆရာဝန်တစ်ဦး ပြန်ပေးဆွဲခံရပြီး ကျပ်သိန်း ၃၀၀၀ နဲ့ ရွေးဖို့တောင်းဆိုလို့ ကျပ်သိန်း ၃၀၀၀ နဲ့ ပြန်ရွေးပေမဲ့လည်း အလောင်းကို သတ်ဖြတ် စွန့်ပစ်ခံခဲ့ရတယ်လို့ ဒီညနေမှာ သတင်းထွက်ပေါ်လာရာမှာ MT News ရဲ့ ကနဦးအတည်ပြုစုံစမ်းမှုအရ ဖြစ်စဥ်မှန်ကန်တယ်လို့ သိရပါတယ်။
MT News ကနဦးအတည်ပြုမှုအရ ပြန်ပေးဆွဲသတ်ဖြတ်ခံရသူဟာ ဒေါက်တာအောင်…ထွန်း ဆိုသူဖြစ်ပြီး သူဟာ ဒီဇင်ဘာ ၁၆ ရက်ညက မြစ်သားမြို့မှာ ကလေးမွေးဖွားပြီးအပြန်မှာ အိုးဝေနဲ့ ပြန်ပေးဆွဲခံရပြီး ကျပ်သိန်း ၃၀၀၀ အတောင်းခံခဲ့ရတာပါ။ မိသားစုဘက်က ပြန်ရွေးငွေ ကျပ်သိန်း ၃၀၀၀ ပေးပေမယ့် ရိုက်နှက် သတ်ဖြတ်ပြီး မန္တလေးကန်တော်ကြီးပတ်လမ်းဘက်မှာ အလောင်းစွန့်ပစ်သွားတာလို့ သိရသလို ကျုးလွန်သူကလည်း တစ်ပတ်စဥ်ထဲ ဆရာဝန်လို့ ကနဦး သိရပါတယ်။
“Acc ထဲ က ဆရာဝန်အမတစ်ယောက်ရဲ့ အမျိုးသား (OG ဆရာဝန်ဟာ)ပြန်ပေးဆွဲခံရတယ်။ သိန်း ၃၀၀၀ နဲ့ ရွေးခိုင်းတာပေါ့။ ငွေလည်းပေးတယ်။ ရွေးလည်းရွေးပေမဲ့ နှိပ်စက်ပြီးသတ်တာခံရရှာတယ်။ အလောင်းကို မန္တလေးမြို့ကန်တော်ကြီးပတ်လမ်းရဲ့ တစ်နေရာမှာ ပြန်တွေ့ရတယ်လို့ ရဲသတင်းမှာတွေ့ရပြီ။ သတ်တဲ့သူကလည်း ဆရာဝန်ပဲ။ Same Batch ကပါပဲတဲ့။ အံဩစရာကောင်းတာက လူတွေရဲ့ အတွင်းစိတ်ပေါ့။ ရာထူးတွေ ပညာတွေ ရှိကြပေမဲ့ စာနာတဲ့ကရုဏာ စိတ်ထားရှိမှ ပညာဆိုတာလည်း လုပ်သင့်မလုပ်သင့်ကို ခွဲခြားနိုင်ပါမှ ဘယ်လောက်ပဲ မုန်းတီးနေနေ ဘာပြဿနာတွေရှိနေနေ ဉာဏ်သာလျှင်ရှေ့သွားပြီး တတ်နိုင်သမျှ စိတ်နှလုံးယဉ်ကျေးမှသာပါပဲ။ ဘယ်လိုပဲပြောပြော ကျူးလွန်သူက ကျူးလွန်၊ နစ်နာသူက နစ်နာသွားရပြီ ကျန်ရစ်သူကော ဖြစ်ရပ်ကိုရော ကြားရတာစိတ်မကောင်းဖြစ်ရပါတယ်”လို့ မိသားစုနဲ့ နီးစပ်ပြီး လူမှုကွန်ရက်မှာ လူသိများတဲ့အကောင့်တစ်ခုက ရေးသားဖော်ပြထားပါတယ်။
ပြန်ပေးဆွဲသတ်ဖြတ်ခံရတယ်ဆိုသူ ဆရာဝန်ရဲ့ အဒေါ်ကလည်း လူမှုကွန်ရက်မှာ တူဖြစ်သူကို Tag တွဲပြီး “တူလေး Dr Aung…. Tun (OG) ဘဝဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုးနဲ့မကြုံရပါစေနဲ့။ ပြုခဲ့သောကုသိုလ်ကောင်းမှုတွေကြောင့်ကောင်းရာသုဂတိမှာစံစားနိုင်ပါစေ” လို့ ကုသိုလ်မျှဝေ ဆုတောင်းထားတာကို MT News က တွေ့ရှိရပြီး အားလုံးကလည်း ပြန်ပေးဆွဲလူသတ်မှုဖြစ်စဥ် မေးမြန်းဆုတောင်းပေးထားတာ မြင်ရပါတယ်။
ဒီဖြစ်စဥ်မှာ ကျူးလွန်တဲ့တရားခံကို ဖမ်းမိထားပြီလို့လည်း သတင်းထွက်ပေါ်နေပေမဲ့ MT News က အတည်ပြုလို့မရသေးဘဲ ဖြစ်စဥ်အသေးစိတ် စိစစ်စုံစမ်းနေပြီး ဆက်လက်သိရှိရတာကို ထပ်မံဖော်ပြပေးပါမယ်။