◾ မှန်ကန်သော စာရွက်စာတမ်းများမပြနိုင်လျှင် ဆန်နှင့်အတူ တင်ဆောင်လာသော မော်တော်ကိုပါ သိမ်းမည်
၁၉.၁၂.၂၀၂၄
Written By Zun
ရခိုင်ပြည်နယ် မောင်တောဆိပ်ကမ်းမှ အကြမ်းဖက် AA ၏ အခွန်ပြေစာဖြင့် တင်ပို့သည့်ဆန်အိတ် ၃၈၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်မခံကြောင်း ဘင်္ဂလားဒေ့ရှ် ဒေသတွင်း သတင်းများက ဖော်ပြသည်။
AA လက်မှတ်ရေးထိုးထားသည့် မက်ထရစ်တန် ၁၉ တန် အလေးချိန်ပါ အဆိုပါ ဆန်သင်္ဘောသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက် အင်္ဂါနေ့ညနေပိုင်းတွင် ကော့ဘဇားခရိုင်၊ တက္ကနဖ်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရအာဏာပိုင်များနှင့် AA အဖွဲ့အနေဖြင့် ကုန်သွယ်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ သဘောတူ ဆွေးနွေးထားခြင်းမရှိဘဲ အဆိုပါ ဆန်များကို တင်ပို့ခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။
ယင်းဆန်အိတ်များကို တက်နေထွန်း အမည်ရှိ မော်တော်ပေါ်တင်၍ AA အခွန်ပြေစာဖြင့် မောင်တောဆိပ်ကမ်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်၊ ကော့ဘဇားခရိုင် တက္ကနဖ်ဆိပ်ကမ်းသို့ မောင်းနှင်သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆန်တင်ပို့သူမှာ ဆန်ကုန်သည် ဦးထွန်းလင်းစံဆိုသူဖြစ်ပြီး မောင်တောဆိပ်ကမ်းတွင် AA အဖွဲ့ထံ ဆန်အိတ် ၃၈၀ အတွက် ၆၈၄၀၀၀ ကျပ်ကို အခွန်ဆောင်ထားကြောင်း အခွန်ပြေစာတွင် ဖော်ပြထားသည်ကို ဒေသတွင်း သတင်းများက ပုံနှင့်တကွ ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ် ဗဟိုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်များ မရဘဲ ဆန်ရောင်းချခွင့်မရှိကြောင်းနှင့် သက်ဆိုင်ရာ မြန်မာအစိုးရအဖွဲ့ဘက်မှ မှန်ကန်သော စာရွက်စာတမ်းများ မပြသနိုင်ပါက ဆန်နှင့် ဆန်တင်လာသော မော်တော်ကို သိမ်းဆည်းမည် ဖြစ်ကြောင်း တက္ကနဖ်ဆိပ်ကမ်း အကောက်ခွန်အရာရှိ BM Abdullah Al Masum က ပြောကြားသည့်အပေါ် ကိုးကား၍ ဒေသတွင်းသတင်းများက ရေးသားကြသည်။
ယင်းအပြင် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့်လည်း AA နှင့် တရားဝင် အဆက်အသွယ် မရှိကြောင်း ယင်းသတင်းများတွင် ဖော်ပြထားကြသည်။
“မောင်တောက ဆန်တင်ပို့လာတာကို ကျွန်တော်တို့ ခွင့်မပြုခဲ့ပါဘူး။ ဗဟိုအစိုးရကို တင်ပြထားပါတယ်။ ပစ္စည်းတင်ပို့သူအနေနဲ့ဆီလျော်မှုမရှိတဲ့ စာရွက်စာတမ်းတွေနဲ့ တင်လာတာပါ။ ဒါကြောင့် ဆီလျော်တဲ့ စာရွက်စာတမ်းတွေ မပြသနိုင်ရင် ကုန်စည်တွေ သိမ်းဆည်းခံရမယ်။ တရားမဝင် စာရွက် စာတမ်းတွေနဲ့ မောင်တောကနေ ဆန်တင်ပို့ခွင့်ကို ခွင့်မပြုခဲ့ပါဘူး။ သူတို့မှာ တရားဝင် ကုန်စည်ရှင်းလင်းမှု မရှိဘူး” ဟု BM Abdullah Al Masum က ပြောကြားထားသည်။
Ref, The Daily Star