၁၉. ၁၂. ၂၀၂၄
Translated by Tha Doe
ဒီနေ့ကျင်းပနေတဲ့ အာဆီယံအလွတ်သဘောဆွေးနွေးပွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေက ၂၀၂၅ မှာ ကျင်းပမယ့်ရွေးကောက်ပွဲအစီအစဥ်အကြောင်း ရှင်းလင်းပြောကြားခဲ့သလို ပြင်ပနိုင်ငံတွေက ရွေးကောက်ပွဲစောင့်ကြည့်သူတွေ ဖိတ်ခေါ်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမယ့်အကြောင်း ပြောပြခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြထားပါတယ်။
ထိုင်းကဦးဆောင်ပြီး လုပ်ဆောင်နေတဲ့ မြန်မာ့အရေးဆွေးနွေးပွဲနှစ်ခုကို ဒီရက်သတ္တပတ်အတွင်းမှာ လုပ်ဆောင်နေပြီး ဒီနေ့ဆွေးနွေးပွဲက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခဒဏ် ရင်ဆိုင်ကြုံတွေ့နေရတဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့ ဆွေးနွေးခဲ့တာပါ။ မနက်ဖြန်သောကြာနေ့မှာတော့ အာဆီယံနိုင်ငံတွေ ဆွေးနွေးမှာပါ။
ဒီနေ့ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးက SAC အစိုးရရဲ့ နိုင်ငံရေးလမ်းပြမြေပုံ၊ သန်းခေါင်စာရင်းကောက်ခံနိုင်ခဲ့ပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုနဲ့ နိုင်ငံရေးပါတီ ၅၃ ခု မှတ်ပုံတင်နိုင်ခဲ့တဲ့ တိုးတက်မှုတွေအကြောင်း ရှင်းပြခဲ့တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆမ်ဂိုင်ပွန်ဆာက ပြောပါတယ်။
“သူ(ဦးသန်းဆွေ) က ရွေးကောက်ပွဲမှာ အိမ်နီးချင်းနိုင်ငံတွေက နိုင်ငံခြားသား ရွေးကောက်ပွဲလေ့လာသူတွေကို ဖိတ်ကြားဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ပြောပါတယ်” လို့လည်း မာရစ်က ဦးသန်းဆွေပြောကြားမှု ကိုးကားပြီ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။
SAC အစိုးရ လုပ်ဆောင်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အတုအယောင်ရွေးကောက်ပွဲလို့ ဝေဖန်မှုတွေရှိပေမဲ့ ဒီနေ့ဆွေးနွေးပွဲမှာပါဝင်တဲ့ မြန်မာနိုင်ငံက စစ်ဘေးပဋိပက္ခရဲ့ မငြိမ်သက်မှုဒဏ်ခံနေရတဲ့ အိမ်နီးချင်းနိုင်ငံအားလုံးကတော့ SAC အစိုးရရဲ့ ရွေးကောက်ပွဲ အစီအစဉ်အပေါ် တုံ့ပြန်မှုဟာ အလုံးစုံ အပြုသဘောဆောင်တယ်လို့လည်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ပြောကြားပြီး နိုင်ငံအားလုံးဟာ အကျပ်အတည်းအတွက် လျင်မြန်တဲ့ အဖြေကို လိုချင်နေကြတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
မနက်ဖြန် ဆွေးနွေးပွဲက အာဆီယံအဆင့်ဆွေးနွေးပွဲဖြစ်ပြီး လက်ရှိဥက္ကဋ္ဌလာအို၊ ၂၀၂၅ ဥက္ကဋ္ဌ မလေးရှားနဲ့ ထိုင်းတို့ပါဝင်မယ်လို့ အကြမ်းဖျဥ်းပြောထားပြီး သဘာပတိဖြစ်တဲ့ လာအိုက ဒီဆွေးနွေးပွဲရလဒ်ကို အစီရင်ခံသွားမှာဖြစ်တယ်လို့လည်း Nikorndej Balankura က ပြောပါတယ်။
မနက်ဖြန်ဆွေးနွေးပွဲဟာ ASEAN Troika Plus ဆွေးနွေးပွဲ ဖြစ်လာမှာဖြစ်ပြီး ယခင်၊ ယခုနဲ့ အနာဂတ် အာဆီယံဥက္ကဋ္ဌသုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ လာအို၊ မလေးရှားနိုင်ငံတွေအပြင် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေလည်း တက်ရောက်ဖွယ်ရှိနေပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာ့အရေးမှာ ဦးဆောင်ဖြေရှင်းသူအဖြစ် ထင်ရှားစွာအသိအမှတ်ပြုခံရဖို့ ကြိုးပမ်းနေသလို ၂၀၂၅ အာဆီယံဥက္ကဋ္ဌသစ် မလေးရှားနိုင်ငံကလည်း မြန်မာ့အရေးဦးဆောင်ဖြေရှင်းပေးသူနိုင်ငံဖြစ်ဖို့ကြိုးပမ်းလာတာမြင်ရပြီး မလေးရှားဝန်ကြီးချုပ် ဒါတွတ်ဆာရီ အန်ဝါ အီဗရာဟင်ကလည်း ဒီကြိုးပမ်းမှုအောင်မြင်ဖို့ အထောက်အကူဖြစ်စေအောင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို သူ့ရဲ့ အလွတ်သဘောအကြံပေးအဖြစ် ခန့်အပ်ထားပြီး အာဆီယံရဲ့အစိုးရအဆင့်တိုင်းမှာ မြန်မာနိုင်ငံ ပြန်လည်ပါဝင်အောင် လုပ်ဆောင်မယ်လို့ ပြောကြားထားပါတယ်။
Ref, Bangkok Post & News Straits Times