
၁၉.၁၂. ၂၀၂၄
Written by Shwe Phyo
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့တွင်လက်ခံကျင်းပသော မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲအတွင်း SAC ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံတွင် ကျင်းပရန်စီစဉ်ထားသော ရွေးကောက်ပွဲကိစ္စကို ဆွေးနွေးဖွယ်ရှိနေကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သော သတင်းအရင်းမြစ်သုံးခုကပြောသည်။
ထိုင်းနိုင်ငံသည် ယခုသီတင်းပတ်အတွင်းတွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲနှစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများ တွေ့ဆုံဆွေးနွေးသော ဒီဇင်ဘာ ၁၈ ရက်နေ့ ဆွေးနွေးပွဲတွင် နယ်စပ်ဒေသလုံခြုံရေးကိစ္စများကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့တွင်ကျင်းပနေသည့် မြန်မာအရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအပြင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများတက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၉ ရက်နေ့တွင်ကျင်းပမည့် မြန်မာ့အရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို SAC ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်နေကြောင်း ဒေသအတွင်းသံတမန်သတင်းရင်းမြစ်များကပြောသည်။
ဒေသအတွင်းသံတမန်အရင်းမြစ်က “မြန်မာအစိုးရဟာ ရွေးကောက်ပွဲကိစ္စကို အလွတ်သဘောအစည်းအဝေးအတွင်း ဆွေးနွေးလိုတယ်။ သူတို့ဟာ တရားဝင်အစိုးရဖြစ်လိုကြတယ်” ဟု ပြောသည်။
ရိုက်တာသတင်းဌာနသည် အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး SAC အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်ဖြေဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့် ၂၀၂၅ ရွေးကောက်ပွဲကို ထောက်ခံထားကြောင်း သိရသည်။ ထိုင်းအစိုးရကမူ ရွေးကောက်ပွဲမတိုင်ခင် စေ့စပ်ဆွေးနွေးမှုများလုပ်ဆောင်ရန် တောင်းဆိုထားသည်။
အာဆီယံဒေသအတွင်းသံတမန်အရင်းမြစ်တစ်ဦးကလည်း မြန်မာနိုင်ငံတွင်ကျင်းပရန်စီစဉ်ထားသောရွေးကောက်ပွဲသည် ထိုင်းနိုင်ငံတွင်ကျင်းပမည့် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ၏ အစိတ်အပိုင်းအဖြစ်ပါဝင်နေကြောင်း ပြောသည်။
Ref , CNA