၁၉.၁၂.၂၀၂၄
Translated by Htwe Ko Tun
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့က ကဖီးဆိုင်တစ်ဆိုင်မှာ ဒီဇင်ဘာ ၁၈ ရက်ညက ဝန်ထမ်းနဲ့အငြင်းပွားစကားများလို့ ဆိုင်ကို လူတစ်ဦးက မီးရှို့တာကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ရတဲ့ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတရားခံကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၁၉ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မီးလောင်မှုမှာ မီးတောက်မီးလျှံများစွာကြားက ခုနစ်ဦးကို ဆိုင်ထဲက ဆွဲထုတ်ခဲ့ရပြီး နှစ်ဦးကိုလည်း ဆေးရုံတင်ခဲ့ရပါတယ်။
ကြေညာချက်တစ်ရပ်မှာ တရားခံက သုံးထပ်ကဖီးဆိုင်ရဲ့ မြေညီထပ်မှာ ဓာတ်ဆီလောင်းမီးရှို့ခဲ့တယ်လို့ ဝန်ခံခဲ့ကြောင်းနဲ့ အဲဒီအချိန်က ဆိုင်အတွင်း ကာရာအိုကေပုံစံ သီချင်းဆိုနေကြသူတွေရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
တရားခံက အသက် ၅၀ ကျော်စဖြစ်ကြောင်း နိုင်ငံပိုင် Tien Phong သတင်းစာက ဖော်ပြခဲ့သလို မျက်မြင်တွေ့ရှိသူတစ်ဦးကလည်း ပေါက်ကွဲသံကြားရတယ်လို့ ပြောကြားခဲ့ကြောင်း သတင်းကဖော်ပြခဲ့ပါတယ်။
အခြားမျက်မြင်တွေ့ရှိသူတစ်ဦးကလည်း မီးလောင်မှုကဆိုင်ရဲ့ထွက်ပေါက်အားလုံးကို ပိတ်သွားခဲ့ပြီး ဓာတ်ဆီအနံ့တွေလည်း ပြင်းထန်စွာရခဲ့တယ်လို့ ပြောခဲ့ပါတယ်။
မီးက ည ၁၁ နာရီမှာ စတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးကို ထိန်းချုပ်နိုင်ဖို့ မိနစ် ၄၀ ခန့်ကြာခဲ့သလို မီးတောက်တွေက အလွန်ပြင်းထန်လို့ ဆိုင်တွင်းရှိ လူ ၁၁ ဦးဟာ လှောင်ပိတ်မိပြီး သေဆုံးခဲ့ရကြောင်းလည်း သိရပါတယ်။
Ref- CNA