၁၉.၁၂. ၂၀၂၄
Written by Shwe Phyo
ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် နယ်စပ်ဒေသကိုဖြတ်သန်းပြီး မယ်ဆိုင်ဒေသရှိ ထိုင်းနိုင်ငံသားဒေသခံများထံမှ အဝတ်အစား၊ ပစ္စည်း၊ ငွေကြေးများကို အလှူခံစုဆောင်းရယူရန် ဝင်ရောက်လာခဲ့သော မြန်မာနိုင်ငံသား ၁၂ ဦးကို မိခင်နိုင်ငံသို့ ပြန်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းရိုင်လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များနှင့် မယ်ဆိုင်ရဲစခန်းမှ တာဝန်ရှိသူများသည် ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသားများ ဝင်ရောက်လာခဲ့သည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား အုပ်စုကို စိုင်လွမ်ဂျွိုင်း ဈေးနားဝန်းကျင်တွင် တွေ့မြင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထိုင်းအာဏာပိုင်များက အဆိုပါ မြန်မာနိုင်ငံသားအုပ်စုကို စုံစမ်းစစ်ဆေးခဲ့ရာ ရေကြီးမှုဒဏ်ခံရသော မြန်မာနိုင်ငံရှိ အကို၊ အမနှင့်ဆွေမျိုးများကို ပြန်လည် ကူညီပေးနိုင်ရန်အတွက် မယ်ဆိုင်မြို့တွင် ပစ္စည်းများ၊ အလှူခံနေခြင်းဖြစ်ကြောင်း ဝန်ခံပြောဆိုထားသည်ဟုပြောသည်။
ထိုင်းရဲတပ်ဖွဲ့ဝင်များသည် စိုင်လွမ်ဂျွိုင်းတွင် အလှူခံနေသည့် မြန်မာနိုင်ငံသား ၁၈ ဦးကို တွေ့မြင်ခဲ့ကြောင်း၊ ၎င်းတို့သည် ဈေးနားဝန်းကျင်တွင် ပစ္စည်းများ အလှူခံနေခြင်းဖြစ်ပြီး စားသုံးကုန်များ၊ အဝတ်အထည်အများအပြားကို လက်ခံရရှိထားကြောင်း ပြောသည်။ မြန်မာနိုင်ငံသား ၁၈ ဦးထဲတွင် ကလေးငယ် ၄ ဦး၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁၃ ဦးတို့ဖြစ်ကြောင်း မယ်ဆိုင်မြို့ ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။ အဆိုပါမြန်မာနိုင်ငံသားများသည် ဒီဇင်ဘာ ၁၆ ရက်နေ့တည်းက နယ်စပ်ဒေသကို ယာယီဖြတ်ကျော်ခွင့်ဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို လက်ရှိအချိန်တွင်မိခင်နိုင်ငံသို့ ပြန်ပို့သွားမည်ဖြစ်ကြောင်း ချင်းရိုင် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက ပြောသည်။
Ref ,naewna