၁၉.၁၂.၂၀၂၄
Written by Hey Mar
YBS ယာဉ်မောင်းတွေရဲ့ အများဆုံးစည်းကမ်းဖောက်ဖျက်မှုတွေနဲ့ မှတ်သားဖမ်ဆီးရမိအမှုတွေက ယှဉ်ပြိုင်ကျော်တက်မောင်းနှင်မှုနဲ့ ဘေးတံခါးဖွင့်မောင်းနှင်မှု၊ မီးပွိုင့်မှာ လူတင်လူချပြုလုပ်တာနဲ့ မှတ်တိုင်စနစ်တကျမရပ်တာတွေမှာ အရေးယူရမှု အများဆုံးဖြစ်ကြောင်းနဲ့ YBS မောင်းနှင်ခွင့် စမတ်ကတ်ပိတ်သိမ်းတဲ့အထိ အရေးယူခံရတဲ့ယာဉ်မောင်း ၁၁၀ ဦးအထိ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ YRTC ရဲ့ ဒီနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြုလုပ်တဲ့ အစည်းအဝေးကနေ သိရပါတယ်။
YRTC ရဲ့ ကြီးကြပ်မှုအောက်မှာ ယာဉ်လိုင်းပေါင်း ၂၁ လိုင်းရှိပြီး ယာဉ်လိုင်းတိုင်းရဲ့ အများဆုံးစည်းကမ်းဖောက်ဖျက်အရေးယူရခံမှုကလည်း အဆိုပါပြစ်မှုတွေမှာ အများဆုံးဖြစ်နေတာကို တွေ့ရှိရတာပါ။
YRTC အနေနဲ့ ယှဉ်ပြိုင်ကျော်တက်မောင်းနှင်ခြင်းမပြုရဆိုတဲ့စာတန်းပါ စတစ်ကာတွေကို YBS ယာဉ်မောင်းတွေရဲ့ မျက်စိရှေ့ မြင်သာတဲ့နေရာတွေမှာ ကပ်တာ၊ အဆင်းအတက် တံခါးပေါက်တွေမှာ ဘေးတံခါး ဖွင့်မမောင်းရ၊ မီးပွိုင့်အတက်အဆင်းမပြုရ စာတန်းပါ စတစ်ကာတွေ ကပ်တာ၊ မှတ်တိုင်စနစ်တကျရပ်အောင် YRTC က စည်းကမ်းထိန်းသိမ်းရေးကော်မတီရဲ့တာဝန်ရှိသူတွေနဲ့ ၁၆ မှတ်တိုင်အကွာမှာ တစ်ဖွဲ့ ကြီးကြပ်ဆောင်ရွက်တာတွေ ပြုလုပ်နေပေမယ့် အရေးယူရမှု ဖြစ်စဉ်တွေကတော့ များပြားနေဆဲဖြစ်ကြောင်းလည်း အစည်းအဝေးမှာ တာဝန်ရှိသူက ပြောကြားပါတယ်။
“စည်းကမ်းဖောက်ဖျက်တဲ့အမှုပေါင်းက ယာဉ်လိုင်းစုစုပေါင်းမှာ ဒီတစ်နှစ်အတွင်း ငါးသောင်းကျော် ဖြေရှင်းခဲ့ရပါတယ်။ ယာဉ်မောင်းတွေကို လူမှုကွန်ရက်ပေါ်ကတစ်ဆင့်သော် လည်းကောင်း၊ Call Center ကနေတစ်ဆင့်သော်လည်း ခရီးသည်ကတိုင်ကြားတာ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေက စစ်ဆေးတွေ့ရှိတာမျိုးဆိုရင် ယာဉ်မောင်းကို မောင်းနှင်ခွင့် တစ်လပိတ်သိမ်းအရေးယူတာ၊ ဒဏ်ကြေးဆောင်စေတာ၊ ဒီထက်ပြင်းထန်ရင်တော့ စုံခုံဖွဲ့ စစ်ဆေးတာအထိ ထိထိရောက်ရောက် အရေးယူသွားတယ်။ အဓိက ကတော့ ယာဉ်မောင်းကို အရေးယူတာပါ။ YBS ဘတ်စ်ကားမောင်းခွင့်ကို ပိတ်တာအထိ အရေးယူတာပါပေါ့” လို့ YRTC ရဲ့ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှုး ဦးလျန်ကျင့်မာန်က ပြောပါတယ်။
ယှဉ်ပြိုင်ကျော်တက်မောင်းနှင်မှုနဲ့ ဘေးတံခါးဖွင့်မောင်းနှင်မှု၊ မီးပွိုင့်မှာ လူတင်လူချပြုလုပ်တာနဲ့ မှတ်တိုင်စနစ်တကျမရပ်တာတွေမှာ အရေးယူရမှုအများဆုံး ယာဉ်လိုင်းက YUPT ဖြစ်ပြီး ယာဉ်အစီးရေ ခုနစ်ရာနီးပါးနဲ့ ဝန်ဆောင်မှုပေးမှုကလည်း အများဆုံးယာဉ်လိုင်းဖြစ်ပါတယ်။ ယှဉ်ပြိုင်ကျော်တက်မောင်းနှင်မှု ၁၅၃၆ မှု၊ ဘေးတံခါးဖွင့်မောင်းနှင်မှု ၂၁၅၂ မှု၊ မီးပွိုင့်မှာ လူတင်လူချပြုလုပ်တာက ၃၂၂ မှု၊ မှတ်တိုင်စနစ်တကျမရပ်တာ က ၆၄၅ မှု ရှိပါတယ်။