၁၉.၁၂.၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ယရောင်းပြည်နယ်အတွင်း ကျောင်းတစ်ကျောင်းမှာ ကျောင်းသူကျောင်းသား ၁,၄၃၆ ဦး၊ ဆရာ ဆရာမတွေနဲ့ကျောင်းဝန်ထမ်းတွေပါ နိုရိုဗိုင်းရပ် ကူးစက်ပြန့်ပွားခံရပြီးတဲ့နောက်မှာ ထိုင်းကျန်းမာရေးဦးစီးဌာနက ပြည်သူတွေကို ရောဂါကာကွယ်ဖို့အတွက် တစ်ကိုယ်ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး အလေ့အထတွေကို အထူးအလေးထားလိုက်နာကြဖို့ ပြောခဲ့ပါတယ်။
ထိုင်းကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် သီတီဆာဝန်တမ်ကလည်း ယရောင်းပြည်နယ်၊ ကလဲန်းခရိုင်အတွင်းရှိ အဆိုပါကျောင်းမှ ကျောင်းသူကျောင်းသားတွေ၊ ဆရာဆရာမတွေနဲ့ ဝန်ထမ်းတွေအနေနဲ့ ကျောင်းရဲ့အားကစားရက်သတ္တပတ်အတွင်း ရေနဲ့ရေခဲတို့စားသုံးမှုက ဗိုင်းရပ်ကူးစက်ခံရတာလို့ ဒီဇင်ဘာလ ၁၆ ရက်က ပြောခဲ့ပါတယ်။
သူက နိုရိုဗိုင်းရပ်ဟာ လူကြီးတွေထက်စာရင် ခံနိုင်ရည်နိမ့်ကျတဲ့ ကလေးတွေမှာ မကြာခဏကူးစက်တတ်ပြီး အထူးသဖြင့်ဆောင်းရာသီအတွင်း ကူးစက်တတ်တယ်လို့ ဆိုပါတယ်။ ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ ဆေးရုံတွေ၊ နေ့ကလေးထိန်းကျောင်းတွေ၊ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ဘတ်စ်ကားတွေနဲ့ စက်လှေတွေက နိုရိုဗိုင်းရပ် ကူးစက်ဖို့အန္တရာယ်အရှိဆုံးနေရာတွေလို့ပြောခဲ့ပါတယ်။
ဆက်လက်ပြီး သူက နိုရိုဗိုင်းရပ်က အစားအသောက်၊ အချိုရည်၊ အသက်ရှုတာတို့အပြင် ဗိုင်းရပ်ကူးစက်ခံထားရပြီးသား လူတွေနဲ့ ထိတွေ့တာတွေကနေ အလွယ်တကူ ကူးစက်နိုင်တယ်ဆိုတာ သတိပေးခဲ့ပါတယ်။ ဗိုင်းရပ်ကူးစက်ပြီး ၁၂ နာရီမှ ၄၈ နာရီအတွင်း ဗိုင်းရပ်ပိုးပေါက်ဖွားနိုင်တယ်လို့လည်း ဆိုပါတယ်။
နိုရိုဗိုင်းရပ် ကူးစက်ခံရရင် ဝေဒနာရှင်အများစုမှာ ပျို့အန်တာ၊ ဗိုက်နာတာ၊ ဝမ်းသွားတာ၊ ဖျားတာ၊ ပင်ပန်းနွမ်းနယ်တာ၊ခေါင်းကိုက်တာနဲ့ ခန္ဓာကိုယ်ကိုက်ခဲမှုတွေ ဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေဆိုရင်တော့ ရေဓာတ်ခမ်းခြောက်ခြင်းလို ပိုပြင်းထန်တဲ့လက္ခဏာတွေပြလာတတ်တယ်လို့ သီတီဆာဝန်တမ်က သတိပေးခဲ့ပါတယ်။
ဒါကြောင့်လည်း နိုရိုဗိုင်းရပ် ကူးစက်မှုကို ကာကွယ်ဖို့ရာမှာ ချက်ပြုတ်ပြီးအစားအစာတွေကိုသာစားဖို့၊ သီးခြားဇွန်း သုံးစွဲဖို့၊ ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေကို ရေနဲ့စင်ကြယ်စွာဆေးဖို့၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေပြီးတိုင်း ဆပ်ပြာနဲ့လက်ကို စင်ကြယ်စွာဆေးဖို့၊ မသန့်ရှင်းတဲ့ရေကိုသောက်သုံးတာ ဒါမှမဟုတ် ထိတွေ့တာတို့ကနေ ရှောင်ဖို့စတဲ့ အလေ့အထတွေကျင့်သုံးကြဖို့လည်း သူက အကြံပြုခဲ့ပါတယ်။
အဖွဲ့အစည်းတွေ၊ ပွဲကျင်းပသူတွေကလည်း ရေကန်တွေမှာ ကလိုရင်းထည့်တာ၊ ရေအရည်အသွေးကို အခါအားလျော်စွာစစ်ဆေးတာ၊ ဆပ်ပြာ ဒါမှမဟုတ် အရက်ဂျဲလ်ခဲလိုဟာတွေနဲ့ လက်ဆေးဖို့နေရာတွေ ထားရှိပေးတာနဲ့ ပြည်သူတွေကြား ရောဂါကာကွယ်ဖို့အတွက် တစ်ကိုယ်ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး အလေ့အထတွေကို လုပ်ဆောင်ဖို့ အသိပညာပေးမှုတွေ တိုးတက်လုပ်ဆောင်ပေးတာတို့ကို ပြုလုပ်သွား သင့်တယ်လို့ သီတီဆာဝန်တမ်က ပြောကြားသွားခဲ့ပါတယ်။
Ref- Nation Thailand