၁၉. ၁၂. ၂၀၂၄
Written by Nyein Kyaw
ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၃၀ နှင့် ထိုင်းဘတ် ၂ သန်းကျော် ထပ်မံထုတ်ရောင်း၍ ယခုဒီဇင်ဘာလ နှစ်ပတ်ကျော်အတွင်း ဒေါ်လာ ၁၃၉ သန်းခွဲအထိ ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒီဇင်ဘာလ ၁၈ ရက် (ယမန်နေ့)တွင် ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။
နှစ်သစ်ကူးရုံးပိတ်ရက်များကြောင့် သွင်းကုန်တင်သွင်းမှုများပြီး နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလေ့ရှိသည့် ဒီဇင်ဘာလအတွင်း ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များ အဓိကလိုအပ်သည့် ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို အလုံး အရင်းဖြင့် ထုတ်ရောင်းပေးနေခြင်းဖြစ်သည်။
ဗဟိုဘဏ်မှ ယခုထုတ်ရောင်းပေးခဲ့သည့် ဒေါ်လာသန်း ၃၀ နှင့် ထိုင်းဘတ် ၂ သန်းကျော်အပြင် ဒီဇင်ဘာလ ၁၇ ရက်ကလည်း ဒေါ်လာ ၁ သိန်းခွဲကျော်နှင့် ထိုင်းဘတ် ၈ သိန်းကျော်ကိုလည်း ထပ်မံထုတ်ရောင်းပေးထားသည်။ ယခု ဒီဇင်ဘာလ ၂ ရက်မှ ၁၈ ရက်အထိ နှစ်ပတ်ကျော်အတွင်း နိုင်ငံခြားငွေရောင်းချပေးထားမှုမှာ ဒေါ်လာ ၁၃၉ သန်းခွဲကျော်၊ ထိုင်းဘတ် ၃၁၂ ဒသမ ၄၃၁ သန်းနှင့် တရုတ်ယွမ် ၈ ဒသမ ၇၄၆ သန်းအထိ ရောင်းချပေးထားပြီးဖြစ်သည်။
ယင်းကဲ့သို့ ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ဒေါ်လာဈေး ဆွဲတင်မှုများရှိနေသော်လည်း ယနေ့တွင် တစ်ဒေါ်လာ ၄,၄၉၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် ၁၃၀ ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် ၆၁၈ ကျပ် ဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။