၁၉.၁၂.၂၀၂၄
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံက သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ နိုင်ငံလေတပ်မှ လေယာဉ်တွေကို အဆင့်မြှင့်တင်ဖို့ ဆောင်ရွက်နေရာမှာ တရုတ်နိုင်ငံထုတ် J-10 C ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူအစားထိုးဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်လေတပ်မှာ အစားထိုးဖို့လေယာဉ်အသစ်တွေအတွက်ဆို ရင် J-10 C ဂျက်တိုက်လေယာဉ်တွေက စရိတ်စကအားဖြင့် ကြီးမားလွန်းပြီး တရုတ်နဲ့ အိန္ဒိယအကြား တင်းမာမှုတွေကို နှိုးဆွပေးရာလည်းရောက်မယ်လို့ ဆိုခဲ့ကြပါတယ်။
နိုဝင်ဘာလအတွင်းက တရုတ်နိုင်ငံကို ဘင်္ဂလားဒေ့ရှ်လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟာဆန် မာမွတ်ခန်း သွားရောက်ခဲ့အပြီးမှာ အခုလိုသုံးသပ်ခဲ့ကြတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ဟာဆန် မာမွတ်ခန်းကတော့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဘက်စုံသုံးတိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေရရှိရေး ကြိုးပမ်းနေတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲက လေတပ်အဆင့်မြှင့်ဖို့ကြိုးစားရာမှာ ပထမအဆင့်အဖြစ် J-10 C လေယာဉ်တွေရဲ့ ပြည်ပပို့မျိုးကွဲဖြစ်တဲ့ J-10 CE တိုက်လေယာဉ် ၁၆ စီးဝယ်ယူဖို့ စဉ်းစားနေတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
သူ့ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်း မာမွတ်ခန်းက ဇူဟေးမြို့ လေကြောင်းပြပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။ ဒါက တရုတ်နိုင်ငံရဲ့ စစ်လေယာဉ်နဲ့ ခရီးသည်တင်စီးပွားရေးလုပ်ငန်းသုံးလေယာဉ်တွေပြသရာ အကြီးမားဆုံးပြပွဲကြီးလည်းဖြစ်ပါတယ်။ ဒါ့ပြင် ခန်းက လေကြောင်းပျံသန်းရေးကို အဓိကအလေးထားတဲ့ တရုတ်နိုင်ငံပိုင် CATIC ကုမ္ပဏီဌာနချုပ်ကိုလည်း သွားရောက်လေ့လာခဲ့ပါသေးတယ်။
J-10 C ဂျက်တိုက်လေယာဉ်ရဲ့ ပထမဆုံးမျိုးကွဲတွေကို ၂၀၀၂ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး J-10 C လေယာဥ်တွေက စတုတ္ထမျိုးဆက်လွန်လေယာဥ်တွေလည်း ဖြစ်ပါတယ်။ တရုတ်လေတပ်နဲ့ ပါကစ္စတန်လေတပ်တို့မှာ ဒီလေယာဉ်တွေကိုတွေ့ရပြီး တစ်စီးကို အမေရိကန်ဒေါ်လာသန်း ၄၀ မှသန်း ၅၀ ကြားရှိတယ်လို့ သိရပါတယ်။
Ref- SCMP