၁၉.၁၂.၂၀၂၄
Written by KL
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အုပ်စု၊ တရုတ်တန်းရပ်တွင် ဖခင်အရင်းက အသက် ၁၁ နှစ်အရွယ်ရှိသော သမီးဖြစ်သူကို တစ်နှစ်ခန့်ကြာ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့၍ မိခင်ဖြစ်သူက ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ကြောင်း မြိတ်ဒေသခံများထံမှ သိရသည်။
အသက် ၄၀ ကျော် ဖခင်ဖြစ်သည့် စိုးမင်းထွန်း ဆိုသူက လွန်ခဲ့သော တစ်နှစ်ခန့်က မိခင်ဖြစ်သူ ဆေးရုံတွင် ကလေးမွေးဖွားနေချိန်မှစ၍ အိမ်တွင် ကျန်ရစ်ခဲ့သော သမီးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။
သမီးဖြစ်သူက မိန်းမကိုယ်နာကျင်ကာ နေမကောင်းဖြစ်သည်ဟု မိခင်ကိုပြောသဖြင့် မိခင်က မေးမြန်းရာမှ ဖခင်က သမီးကို ဒီဇင်ဘာလ ၁၃ ရက် ညပိုင်းကလည်း ထပ်မံပြုကျင့်ခံရမှုကိုပြောပြခဲ့ပြီး အကြိမ်ကြိမ်အဓမ္မပြုကျင့်ခံရမှုကိုလည်း သမီးဖြစ်သူပြောပြခဲ့ရာမှ ထပ်မံသိရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“ဖအေက ကလေးရဲ့အမေ မီးဖွားနေတုန်း အိမ်မှာကျန်ခဲ့တဲ့ သမီးကို ညစ်ညမ်းတဲ့ကားတွေပြပြီး အဓမ္မပြုကျင့်တာ။ ဒီကိစ္စကို ကြားကြားချင်း ဘယ်သူမှ သည်းမခံနိုင်ဘူး။ ကလေးတွေအပေါ်ကျူးလွန်တဲ့ အဖေအရင်းကိုလည်း ထိထိရောက်ရောက် အရေးယူစေချင်တယ် “ဟု မြိတ်မြို့တွင်နေထိုင်သူတစ်ဦးက ပြောသည်။
သမီဖြစ်သူကို အဓမ္မပြုကျင့်သည့် ဖခင်အရင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး မြိတ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။