၁၉.၁၂. ၂၀၂၄
Translated by Htwe Ko Tun
ရုရှားနိုင်ငံရဲ့ နျူကလီးယား၊ ဇီဝဆိုင်ရာနဲ့ဓာတုကာကွယ်ရေးတပ်ဖွဲ့တွေကိုကြီးကြပ်တဲ့ ရုရှားဒုတိယဗိုလ်ချုပ်ကြီး ကီရီလော့ဗ်ကို ဒီဇင်ဘာလ ၁၇ ရက်ကအဝေးထိန်းစနစ်နဲ့ ဗုံးခွဲလုပ်ကြံသူကို ဒီဇင်ဘာလ ၁၈ ရက်မှာ ဖမ်းမိခဲ့ပြီးတဲ့နောက် လုပ်ကြံမှုမှာ ပူးပေါင်းပါဝင်သူတွေကို ရုရှားအနေနဲ့ သနားငဲ့ညှာမှုမရှိဘဲ ရက်ရက်စက်စက်တုံ့ပြန်သွားမယ်လို့ ရုရှားအရာရှိတွေက ဒီဇင်ဘာလ ၁၈ ရက်မှာ ကတိပြုခဲ့ကြပါတယ်။
ရုရှားထောက်လှမ်းရေးအဖွဲ့တွေက လုပ်ကြံမှုမှာ ပူးပေါင်းပါဝင်သူမည်သူဆိုတာ မပြောကြားပေမယ့် ဖမ်းဆီးရမိခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် အာမက်ကာဗာနော့ဗ်ဟာ ဥဇဘက်ကစ္စတန်နိုင်ငံသားဖြစ်ပြီး ယူကရိန်းထောက်လှမ်းရေးလုပ်ငန်းတွေက သူ့ကို ဒေါ်လာတစ်သိန်းနဲ့ ဥရောပသမဂ္ဂနိုင်ငံတွေမှာ ခိုလှုံခွင့် မက်လုံးပေးပြီး လက်နက်တပ်ဆင်စေခိုင်းခဲ့တာဖြစ်နိုင်တယ်လို့ ဆိုခဲ့ကြပါတယ်။
ယူကရိန်းထောက်လှမ်းရေးအဖွဲ့တွေကလည်း ရုရှားဒုတိယဗိုလ်ချုပ်ကြီး ကီရီလော့ဗ်ကို လုပ်ကြံမှုနောက်ကွယ်မှာ ယူကရိန်းထောက်လှမ်းရေးလုပ်ငန်း SBU ရှိတယ်လို့ CBS သတင်းဌာနကို ပြောခဲ့ကြပါတယ်။ ဒီပြောကြားချက်ကို သေချာအောင် စိစစ်အတည်ပြုမှုမရှိသေးပေမယ့် ရုရှားအရာရှိတွေက လုပ်ကြံမှုမှာ ပါဝင်သူတွေကို လက်စားချေမယ်လို့ လျင်မြန်စွာ ပြောခဲ့ကြတာပါ။
ရုရှားအနေနဲ့ ယူကရိန်းစစ်မြေပြင်မှာ ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲခဲ့ပေမယ့် ရုရှားအစိုးရကလည်း မဟုတ်မှန်ဘူးလို့ ငြင်းဆိုထားပါတယ်။ အပြန်အလှန်အားဖြင့် ယူကရိန်းက အဆိပ်ဖြစ်စေနိုင်တဲ့လက်နက်တွေသုံးခဲ့တယ်လို့ ပြန်လည်စွပ်စွဲခဲ့ပါတယ်။ ကီရီလော့ဗ်ကိုလည်း ရုရှားက ဓာတုလက်နက်တွေအသုံးပြုမှုမှာတာဝန်ရှိသူလို့ ယူကရိန်းဘက်က ပြောခဲ့တာပါ။
ရုရှားထောက်လှမ်းရေးကတော့ ကီရီလော့ဗ်ကို လုပ်ကြံမှုက အကြမ်းဖက်မှုသက်သက်သာဖြစ်ပြီး ဒီအတွက် ယူကရိန်းကို လက်စားချေတုံ့ပြန်မယ်လို့ ပြောခဲ့ကြပါတယ်။
Ref- CBS, Times of India