၁၈. ၁၂. ၂၀၂
Written by Nyein Kyaw
သိပ္ပံနှင့်နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ဆေးသိပ္ပံပညာရပ် တစ်နေ့တခြား တိုးတက်ပြောင်းလဲနေသည့်အတွက် ဆေးသိပ္ပံဆိုင်ရာ ပညာရပ်များနှင့် ပတ်သက်ပြီး တီထွင်ဆန်းသစ်မှုများ စဉ်ဆက်မပြတ် လေ့လာဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ပြောကြးသည်။
ယနေ့ခေတ်သည် သိပ္ပံနှင့်နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ဆေးသိပ္ပံပညာရပ် နယ်ပယ်သည်လည်း တစ်နေ့တခြားတိုးတက်ပြောင်းလဲနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ဆန်းသစ်ပြောင်းလဲလာသည့် ကုထုံးနှင့်ဆေးဝါးကိရိယာအသစ်များ ပေါ်ပေါက် လာသကဲ့သို့ ထူးခြားဆန်းပြားသည့်ရောဂါဘယများကလည်း ဆေးပညာနယ်ပယ်ကို စိန်ခေါ်လျက်ရှိနေကြကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ယင်းတို့ကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ဆေးသိပ္ပံဆိုင်ရာ ပညာရပ်များနှင့်ပတ်သက်၍ သုတေသနပြုခြင်းအပါအဝင် တီထွင်ဆန်းသစ်မှုများကိုလည်း စဉ်ဆက်မပြတ် လေ့လာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
လက်ရှိ မိမိတို့ နိုင်ငံတွင်လည်း အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီကို ဖွဲ့စည်းထားပြီး ဆန်းသစ်တီထွင်မှုဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေကြောင်း၊ ကျန်းမာရေး ကဏ္ဍဆိုင်ရာတွင် နည်းပညာအသစ်များနှင့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု၊ ကျန်းမာရေးနှင့် လူသားအရင်းအမြစ်ချိတ်ဆက်မှု၊ ဆေးပညာဆိုင်ရာ တက္ကသိုလ်အဆင့် ချိတ်ဆက်မှုများမှတစ်ဆင့် ကုသမှုနည်းပညာများ ပေါင်းစည်းခြင်းနှင့် အဆင့်မြင့်ကုသနည်းဖော်ထုတ်ခြင်း အစရှိသည်တို့ကို နည်းပညာလွှဲပြောင်းမှု စင်တာများနှင့် အသိပညာ ဖြန့်ဝေရေးစင်တာများမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် ပြောင်းလဲတိုးတက်လာသည့် နည်းပညာရပ်များ၊ ဆေးသိပ္ပံပညာရပ်များကို မျက်ခြည် မပြတ်စေဘဲ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ဆေးသိပ္ပံပညာရှင်များဖြစ်အောင် တပ်မတော်ဆေးတက္ကသိုလ်က သင်ကြားပေးလိုက်သည့် ဆေးပညာရပ်များမှတစ်ဆင့် အဆင့်မြင့်ဆေးပညာရပ်များကို ဆက်လက်ဆည်းပူးလေ့လာ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် SAC ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ဆေးတက္ကသိုလ်ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိသည့် ဗိုလ်လောင်းနှင့် မိဘများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။