MT News
Written by Nay Moe
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၌ ပြည်နှင်ဒဏ်ဆောင်ရွက်မည့် တရုတ်နိုင်ငံသား ၇ ဦးအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ(စိစစ်ဆဲ)က ကြားဖြတ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း SAC ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂ ရက် နံနက် ၄ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်မှ လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးထွန်းအောင်လှိုင်၊ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဦးနိုင်မိုးဇော်၊ စဉ့်ကူးမြို့နယ်မှ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးများဖြစ်သည့် ဦးကျော်စိုးခိုင်နှင့် ဦးခိုင်ဇော်မျိုးတို့သည် တရုတ်နိုင်ငံသို့ ပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသား များဖြစ်ကြသည့် Pan Han Bing(၂၅)နှစ် (ဘ)Pan Jin Lang ၊ Lin Zhen Fen(၂၅)နှစ် (ဘ)Lin Jin Wen ၊ Yang Jun Feng(၃၂)နှစ် (ဘ)Yang Gao Jun ၊ Liu Fei Feng(၂၅)နှစ် (ဘ)Liu Jin Xlang ၊ Sheng Bao(၂၄)နှစ် (ဘ)Chen Sul Chen ၊ Yan Bin(၂၂)နှစ် (ဘ)Yan Yuan Fheng ၊ Zhouli (၂၃)နှစ် (ဘ)Zho Welving တို့ ၇ ဦးအား မန္တလေးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးဦးစီးရုံးမှ လားရှိုးမြို့ရှိ ဒုတိယပြည်နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးရုံးသို့ ပို့ဆောင်ရန် ယာဉ်မောင်း ဦးဝင်းရွှေ မောင်းနှင်သည့် “ချမ်းသာအောင်”ခရီးသည်တင်ယာဉ်လိုင်းမှ 6K/2052 SUPER CUSTOM ယာဉ်ဖြင့် ထွက်ခွာလာခဲ့သည်။
ထိုသို့ထွက်ခွာလာစဉ် နံနက် ၁၀နာရီခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြိုနယ်၊ လွယ်ခေါ်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၁၄ မိုင် ၆ ဖာလုံအရောက်၌ လက်ပစ်ဗုံးကိုင်ဆောင် ထားသည့် လက်နက်ကိုင်သောင်းကျန်းသူ ၂ ဦး(စိစစ်ဆဲ)က လားရာတူ နောက်မှ ဆိုင်ကယ်တစ်စီး ဖြင့် မောင်းနှင်ရောက်ရှိလာပြီး ၎င်းတို့စီးနင်းလာသည့် မော်တော်ယာဉ် အား ရပ်တန့်ခိုင်းခဲ့ကြောင်း၊ ထပ်မံ၍ လက်နက်ကိုင်သောင်းကျန်းသူ ၁ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာကာ ၎င်းတိုအား မော်တော်ယာဉ်နှင့်အတူ တောအတွင်းသို့ မောင်းနှင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တောလမ်းတစ်နေရာအရောက်တွင် ဦးထွန်းအောင်လှိုင် ၊ ဦးနိုင်မိုးဇော်၊ ဦးကျော်စိုးခိုင်နှင့် ဦးခိုင်ဇော်မျိုးတို ၄ ဦးအား ပြန်လည်စေလွှတ်ပေးခဲ့သဖြင့် ဦးခိုင်ဇော်မျိုးနှင့် ဦးနိုင်မိုးဇော်တို့ ၂ ဦးမှာ နောင်ချို မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးသို့လည်းကောင်း၊ ဦးထွန်းအောင်လှိုင်နှင့် ဦးကျော်စိုးခိုင်တို့ ၂ ဦး မှာ ကျောက်မဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးသို့ လည်းကောင်း ကားကြုံဖြင့် အသီးသီးပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ပြည်နှင်ဒဏ်ပေးဆောင်ရွက်မည့် တရုတ်နိုင်ငံသားများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် လက်နက်ကိုင်သောင်းကျန်းသူများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခံရသူ တရုတ်နိုင်ငံသားများအား ရှာဖွေကယ်ဆယ်နိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။