၁၈ .၁၂ .၂၀၂၄
Written by Hey Mar
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်အစောပိုင်းက တာချီလိတ်မြို့နယ် ခရိုင်ရဲရုံးအနီး ငွေလဲဆိုင်ပိုင်ရှင်ကို ကားပေါ်ဆွဲတင် ပြန်ပေးဆွဲခဲ့တဲ့ တရားခံတွေကို ဒီနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ဖမ်းဆီးနိုင်ခဲ့ပြီး နစ်နာခဲ့တဲ့ ပြန်ပေးဆွဲခံရသူ အမျိုးသားကြီးကို ကယ်တင်နိုင်ခဲ့တယ်လို့ တာချီလိတ် မြို့ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရှိရပါတယ်။
တာချီလိတ်မြို့နယ် ခရိုင်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က ပါဆတ်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ တရားခံ (၆)ဦးကို သေနတ် နှစ်လက်နဲ့အတူ ဖမ်းဆီးရမိတာလို့လည်း သိရှိရကာ ပြန်ပေးဆွဲခံရတဲ့ အိုကေ ငွေလဲဆိုင်ပိုင်ရှင်လည်း ပြန်လည် လွတ်မြောက်လာပြီလို့ သိရှိရပါတယ်။
အဆိုပါ အိုကေငွေလဲဆိုင်ပိုင်ရှင်က ဒီဇင်ဘာ ၁၃ ရက်မနက်အစောပိုင်းက ဆိုင်ရှေ့မှာရှိနေစဉ် လူသုံးဦးက ကားပေါ်ဆွဲတင် မောင်းနှင်ပြေးမှု ဖြစ်ပွားခဲ့ကာ အခု ၅ ရက်နီးပါးအကြာမှာတော့ ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး တရားခံတွေနဲ့ ရဲတပ်ဖွဲ့ ထိတွေ့ပစ်ခတ်မှု တချို့ပါရှိခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရပါတယ်။ လက်ရှိမှာတော့ ဖမ်းမိတရားခံတွေကို စစ်ဆေးဆောင်ရွက်လျက် ရှိတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းကလည်း တာချီလိတ်မြို့ပေါ်က ဖုန်းဆိုင်ဝန်ထမ်းကို လူလေးဦးက သေနတ်နဲ့ ပစ်ခတ်လုယက်မှုဖြစ်ပွားခဲ့တာကြောင့် ဝန်ထမ်းသေဆုံးခဲ့ပြီး ကျူးလွန်သူ လေးဦးကို နောက်တစ်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ ခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်တဲ့ အဖွဲ့ကပဲ တရားခံတွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေအတွင်း အသေပစ်ခတ် ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။