၁၈. ၁၂. ၂၀၂၄
Written by Thettant
အာဆီယံ ချန်ပီယံရှစ် AFF Mitsubishi Electric Cup 2024 အုပ်စု (ခ) အတွက် မြန်မာအသင်းဟာ အိမ်ကွင်းမှာ လာအိုကို ဒီနေ့ည အနိုင်ကစားနိုင်ခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ရေးရေးလေး ပြန်မြင်ခဲ့ရပါတယ်။
လာအိုကို ပထမပိုင်း ၃၂ မိနစ်ကတည်းက လွင်မိုးအောင် သွင်းဂိုးနဲ့ အသာစီးရထားပေမဲ့ မြန်မာအားကစားသမားတွေက ကြိုးစားအားထုတ်မှုနည်းပြီး ဘာလုပ်ရမယ်မသိပုံစံပေါက်နေတာတွေကြောင့် လာအိုက ကိုင်ဒါဗုန်းနဲ့ ချိုနီတို့က ၇၇ မိနစ်နဲ့ ၈၁ မိနစ်မှာ နှစ်ဂိုးဆက်သွင်းယူသွားလို့ ကမ္ဘောဒီးယားနဲ့ပွဲထက် အဖြစ်ဆိုးတော့မလား တွေးရပြီး အဲဒီပွဲသာရှုံးခဲ့ရင် မြန်မာအသင်းက သုံးပွဲကစား ၁ မှတ်နဲ့ သေချာပေါက် ထွက်ရတော့မယ့်အခြေအနေဖြစ်သလို ဂိုးတွေကို ကြက်ကောက်ကောက် လိုက်ဖမ်းပြီး လက်ထဲကပါ မိပြီးသားလွတ်ကျတဲ့ မြန်မာဂိုးသမား ဇင်ညီညီအောင်ရဲ့ လက်စွမ်းကလည်း စိတ်ပျက်စရာကောင်းခဲ့ပါတယ်။
ဒါပေမဲ့ တစ်ဂိုးအသာနဲ့ ၄၅ မိနစ်ဦးဆောင်ထားပြီးမှ ၄ မိနစ်နဲ့ နှစ်ဂိုးပေးရပြီး အနိုင်ရလဒ်ပျက်စီးသွားမှ အိပ်မက်က လန့်နိုးလာပုံရတဲ့ မြန်မာကစားသမားတွေဟာ ၈၁ မိနစ်နောက်ပိုင်းကစပြီး တရစပ် တိုက်စစ်ဆင်ရင်း ဝင်းနိုင်ထွန်းက ၈၇ မိနစ်မှာ ခေါင်းတိုက်ဂိုး၊ ၉၃ မိနစ်မှာ ခေါင်းတိုက်သွင်းရင်း ဂိုးသမားကာကွယ်တာကြောင့် လျှံထွက်လာတာကို သူ့ဘာသာပြန်ပိတ်သွင်းရင်း မြန်မာအသင်းအတွက် ပထမဆုံးအနိုင်ရလဒ်ယူပေးခဲ့တာပါ။
မြန်မာအသင်းရဲ့ ဒီနိုင်ပွဲကြောင့် လာအိုဟာ လေးပွဲကစား ၂ မှတ်နဲ့ ပြီးဆုံးသွားပြီး မြန်မာကတော့ သုံးပွဲကစားထားချိန်မှာ အင်ဒိုနီးရှားနဲ့ ရမှတ်တူ ၄ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပြီး ဗီယက်နမ်က ၂ ပွဲကစားပြီး ၆ မှတ်နဲ့ အဆင့် ၁ နေရာ ရပ်တည်နေတာပါ။
မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ အုပ်စုနောက်ဆုံးပွဲကို ဒီဇင်ဘာ ၂၁ ရက် ည ၇ နာရီခွဲမှာတော့ ဗီယက်နမ်ကို အဝေးကွင်းမှာ ယှဥ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီပွဲကို အနိုင်ရမှ နောက်တစ်ဆင့်ဆီမီးဖိုင်နယ် တက်ဖို့ မျှော်လင့်နိုင်မှာပါ။ ဒါပေမဲ့ ရမှတ် ၂ မှတ် ရထားတဲ့ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်က အခုည ၇ နာရီခွဲမှ ယှဥ်ပြိုင်ကစားမှာဖြစ်လို့ ဖိလစ်ပိုင်က ဗီယက်နမ်ကို အနိုင်ရသွားရင် မြန်မာအုပ်စုဟာ ဗီယက်နမ် ၆ မှတ်၊ ဖိလစ်ပိုင် ၅ မှတ်၊ လာအိုနဲ့မြန်မာ ၄ မှတ်စီနဲ့ ဘာတစ်ခုမှ အသေအချာတွက်မရတဲ့အခြေအနေကိုလည်း အုပ်စုနောက်ဆုံးပွဲမှာ မြင်ရမှာပါ။ မြန်မာအသင်းအနေနဲ့တော့ အုပ်စုတက်ချင်တယ်ဆို ရှေ့သုံးပွဲက ညံ့ဖျင်းအားနည်းချက်တွေ၊ ကြိုးစားအားထုတ်လိုမှုနည်းတာတွေ၊ ဂိုးသမားအားနည်းချက်တွေကို သေချာပေါက် ပြင်ဆင်ပြီးမှ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်မှာပါ။