၁၈.၁၂.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၂၄) ရပ်ကွက်၊ အမှတ် (၄) လမ်းမကြီးဘေးတွင် ဒီဇင်ဘာလ ၁၈ ရက် နံနက် ၃ နာရီ ၄၅ မိနစ်ခန့်က ရပ်ထားသော အဖြူရောင် မော်တော်ယာဥ်တစ်စီးကို အခြားသော အဖြူရောင်မော်တော်ယာဥ်တစ်စီးက ဝင်တိုက်ခဲ့ရာ ကားခေါင်းခန်းတွင် ညပ်နေသော ယာဥ်မောင်းကို မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ထုတ်ခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်သူများထံမှ သိရသည်။
ရပ်ထားသော SUZUKI CARRY အမျိုးအစား အဖြူရောင်မော်တော်ယာဥ်ကို ရွှေပြည်သာမြို့နယ်ဘက်မှ မှော်ဘီမြို့နယ်ဘက်သို့ မောင်းနှင်လာသော ISUZU အမျိုးအစား အဖြူရောင်မော်တော်ယာဥ်က အရှိန်မထိန်းနိုင်ဘဲ အနောက်မှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
ယာဥ်တိုက်မှုကြောင့် ISUZU အဖြူရောင် ယာဥ်မောင်း အသက် ၂၆ နှစ်အရွယ် ကိုလှမျိုးထက်တွင် ဘယ်ဘက်ခြေထောက်ကျိုးဒဏ်ရာ၊ နဖူးပေါက်ပြဲဒဏ်ရာနှင့် ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာတို့ ရရှိခဲ့သည်။
ကားခေါင်းအတွင်း ညပ်နေသော ယာဥ်မောင်းကို ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးဖြင့် မိနစ် ၂၀ ကြာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူယာဥ်မောင်းမှာ အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိဘဲ အင်းစိန်ပြည်သူ့ဆေးရုံသို့ ရွှေမေတ္တာလူမှုကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဥ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၁၄ ရက် ည ၇ နာရီကျော်ကလည်း ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၄)ရပ်ကွက်၊ အမှတ် (၄)လမ်းမကြီးတွင် ရပ်ထားသော ၂၂ ဘီးကားကို YBS -၄၂ ခရီးသည်တင်ယာဥ်က ဝင်တိုက်ခဲ့ရာ ကားခေါင်းအတွင်းညပ်နေသောအသက် ၃၆ နှစ်အရွယ် ခရီးသည်တင်ယာဥ်မောင်းကို မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ထုတ်ခဲ့ရသည်။