၁၈. ၁၂. ၂၀၂၄
Written by Nay Moe
နယ်မြေတိုက်ခိုက်လုယက်မှုတွေကြောင့် အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ခံထားရတဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း (Ta’ang Army Officer Training – TAOT) အပတ်စဉ် (၄) သင်တန်းဆင်းပွဲနဲ့ အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၅) သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၁၅ ရက်နေ့က တစ်ပြိုင်နက် ကျင်းပပြုလုပ်ခဲ့တယ်လို့ TNLA က ကျင်းပရာနေရာအတိအကျမပြောဘဲ ဒီနေ့မှ ထုတ်ပြန်လာပါတယ်။
TAOT အပတ်စဉ် (၄)ဟာ သင်တန်းကာလ (၁၈)လ ကြာမြင့်ခဲ့ပြီး သင်တန်းသား ၁၃၂ ဦး တက်ရောက်ခဲ့ပေမဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) မှာ ပါဝင်တိုက်ခိုက်ခဲ့ရလို့ ၁၂ ဦးက တိုက်ပွဲအတွင်း သေဆုံးသွားလို့ သင်တန်းဆင်းပွဲမှာ သင်တန်းသား ၁၁၄ ဦးပဲ သင်တန်းဆင်းနိုင်ခဲ့သလို ၆ ဦးကတော့ ဒဏ်ရာအပြင်းအထန်ရသလား၊ ကိုယ်လက်အင်္ဂါမစုံမလင်ဖြစ်သွားသလား အသေးစိတ်မဖော်ပြဘဲ ချန်လှပ်ထုတ်ပြန်ပါတယ်။
TNLA ရဲ့ TAOT အပတ်စဉ် (၅) ကို အလုပ်သင် ဗိုလ်သင်တန်းသား ၁၃၅ ဦးနဲ့ သင်တန်းသစ်ဖွင့်လှစ်နိုင်ခဲ့ပြီး ဒီအခမ်းအနားကို PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ စစ်ရေးချုပ် တားနောရိူန်းနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ အရာအရှိ/အရာခံတွေ၊ သင်တန်းသားတွေနဲ့ ရပ်မိရပ်ဖတွေ စုစုပေါင်း လူဦးရေ ၇၀၀ ကျော် တက်ရောက်ခဲ့တယ်လို့လည်း TNLA က ပြောပါတယ်။