၁၈. ၁၂. ၂၀၂၄
Written by Thettant
NUG တံဆိပ်နဲ့ သက်တမ်းတိုးထားတဲ့ နိုင်ငံကူးလက်မှတ်တွေကို တရားမဝင်ဘူးလို့ သတ်မှတ်ကြောင်း တောင်ကိုရီးယားအစိုးရက ဒီနေ့မှာ အတည်ပြုကြေညာလာပါတယ်။
ဒါဟာ တောင်ကိုရီးယားနိုင်ငံမှာ NUG က မြန်မာနိုင်ငံကူးလက်မှတ်အတုအပပြုလုပ် သက်တမ်းတိုးပေးနေတယ်လို့ သတင်းထွက်ပေါ်လာချိန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်က ကိုရီးယားသမ္မတနိုင်ငံ (တောင်ကိုရီးယား)ရောက် မြန်မာလုပ်သားတွေကိုင်ဆောင်နေတဲ့ နိုင်ငံကူးလက်မှတ်ကို အတုအပပြုလုပ်ပြီး သက်တမ်းတိုးပေးနေသူတွေကို အိမ်ရှင်နိုင်ငံနဲ့ပူးပေါင်းပြီး အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်အပြီးမှာ တောင်ကိုရီးယားအစိုးရဘက်က NUG တံဆိပ်နဲ့သက်တမ်းတိုးထားတဲ့ မြန်မာနိုင်ငံကူးလက်မှတ်တွေက တရားမဝင်ဘူးလို့ အတည်ပြုထုတ်ပြန်ပေးလာခဲ့တာပါ။
ဒီထုတ်ပြန်ချက်မှာဆိုရင် ကိုရီးယားနိုင်ငံဆိုင်ရာ NUG ရုံးလို့ တံဆိပ်နှိပ်ပြီး သက်တမ်းတိုးထားတဲ့ နိုင်ငံကူးလက်မှတ်တွေ၊ စာရွက်စာတမ်းတွေကို တရားဝင်စာရွက်စာတမ်းအဖြစ် အသိအမှတ်မပြုဘူးကြောင်းနဲ့ အနာဂတ်မှာ ဒီတရားဝင်နိုင်ငံကူးလက်မှတ်တွေနဲ့ ကွဲလွဲမှုမဖြစ်စေဖို့ အထူးဂရုစိုက်ဖို့လည်း ထုတ်ပြန်ဖော်ပြခဲ့တာပါ။
နိုဝင်ဘာလဆန်းအတွင်းမှာ နစကအစိုးရလုပ်ဆောင်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်တွေကို တောင်ကိုရီးယားနိုင်ငံရောက် NUG ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးပေးနေပြီလို့ The Voice of Spring၊ Hlaing Moe Thu၊ Nay Win Aung စတဲ့ Page တွေ အကောင့်တွေက သက်တမ်းတိုးပေးထားတဲ့ ပုံတွေနဲ့တကွ ဖော်ပြခဲ့တာဖြစ်ပြီး NUG ရုံးက ဒီလိုသက်တမ်းတိုးပေးနေမှုဟာ တရားမဝင်သလို နိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းတွေကို ဖောက်ဖျက်မိတာကြောင့် မိခင်နိုင်ငံနဲ့ အိမ်ရှင်နိုင်ငံတို့က ဥပဒေအရ အရေးယူခံရနိုင်ကြောင်းနဲ့ စိစစ်တွေ့ရှိပါက နိုင်ငံကူးလက်မှတ် ဖျက် သိမ်းခြင်းနဲ့ အမည်မည်းစာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ခံရမှာဖြစ်ကြောင်း အသိပေးနှိုးဆော်ချက်ကို အောက်တိုဘာ ၁၅ ရက်မှာ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း အသိပေးထားပါတယ်။ ဒီလိုအသိပေးထားတဲ့ကြားက တချို့သော မြန်မာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံကူးလက်မှတ်တွေကို တရားမဝင် တံဆိပ်တုံး အတုအပနဲ့ သက်တမ်းတိုးမှု လုပ်ဆောင်နေတာ စိစစ်တွေ့ရှိရတဲ့အတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့အနေနဲ့ ဒီနိုင်ငံကူးလက်မှတ်(Passport) တွေကို ဖျက်သိမ်းတာနဲ့ အမည်မည်းစာရင်း(Blacklist) ရေးသွင်းတာတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရားမဝင် တံဆိပ်တုံး အတုအပပြုလုပ်ပြီး နိုင်ငံကူးလက်မှတ်တွေ သက်တမ်းတိုးပေးနေသူတွေကို အိမ်ရှင်နိုင်ငံ (တောင်ကိုရီးယား) တရားဥပဒေအရ ထိရောက်စွာ အရေးယူဟန့်တားနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနအဆင့် နဲ့နယ်မြေခံအဆင့် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားတာကို ဒီဇင်ဘာ ၁၈ ရက်မှာ တောင်ကိုရီးယားအစိုးရက တရားဝင်အကောင်အထည်ဖော်ပေးခဲ့တာဖြစ်ပါတယ်။