◾၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်တွင် ယင်းအိမ်ဧရိယာအတွင်း ထပ်မံလေလံပစ်မည်
၁၈.၁၂.၂၀၂၄
Written By Zun
ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည် အမွေလုနေသည့် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄)၏ ကြမ်းခင်းဈေးကို ကျပ်ဘီလျံ ၃၀၀ မှ ၂၉၇ ဘီလျံသို့ လျှော့ချရန် တရားရုံးက ယနေ့ ဒီဇင်ဘာလ ၁၈ ရက် ရုံးချိန်းတွင် ချမှတ်ခဲ့ကြောင်း သိရသည်။
ကြမ်းခင်းဈေး ကျပ်ဘီလျံ ၃၀၀ ကို နောက်တစ်ကြိမ် လေလံအတွက် ကျပ်ဘီလျံ၂၉၀ သို့ လျှော့ချရန် ဦးအောင်ဆန်းဦးဘက်က ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက် က တရားရုံး၌ တင်ပြသည်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက နိုဝင်ဘာလ ၂၁ ရက်ရုံးချိန်းတွင် ကန့်ကွက်လွှာတင်ခဲ့ကြပြီးနောက် ယနေ့ ဒီဇင်ဘာလ ၁၈ ရက်ရုံးချိန်းတွင် အထက်ပါအတိုင်း ၃ ဘီလျံလျှော့ချရန် တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ ရုံးချိန်းမှာ ၃ ဘီလျံ လျှော့ချခဲ့တယ်။ လေလံတင်မှာက ဖေဖော်ဝါရီ ၅ ရက်နေ့ပါ။ အစီီရင်ခံစာက ဖေဖော်ဝါရီလ ၆ ရက်နေ့တင်ရမှာပါ။ လေလံပစ်မယ့်နေရာကို တရားရုံးမှာပဲလုပ်ပေးပါဆိုပြီး တင်ပြထားပေမဲ့လည်း အခု တရားရုံးက ချမှတ်တာက အိမ်မှာပဲ လုပ်ဖို့ပါပဲ။ ဒါကြောင့် လေလံကို အိမ်ရဲ့ ခြံစည်းရိုးအပြင်အပေါက်ဝမှာလား။ ဒါမှမဟုတ် ခြံဝင်းအတွင်းမှာပဲလုပ်မလား ဆိုတာပဲ ကြည့်ရတော့မှာပေါ့”ဟု တရားရုံးနှင့်နီးစပ်သူတစ်ဦးက MT News ကိုပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် ခြံအမှတ် (၅၄)၏ လေ လံဈေးနှုန်းကို ယခင်သတ်မှတ်ထားသည့် ကျပ်ငွေ ၃၁၅ ဘီလျံ အစား ကျပ်ဘီလျံ ၃၀၀ ဟု ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် လေလံတင် ထုခွဲရောင်းချရန် ကမာရွတ်ခရိုင်တရားရုံးက ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်တွင် အမိန့်ချ မှတ်ခဲ့ပြီးနောက် မတ်လ ၂၀ ရက်က ပထမအကြိမ်လေလံပစ်ခဲ့ရာ ဝယ်ယူသူမရှိခဲ့သောကြောင့် သြဂုတ်လ ၁၅ ရက်က ဒုတိယအကြိမ် လေလံတင်ခဲ့ရာ ဝယ်ယူမည့်သူမရှိခဲ့ပေ။
သို့သော်လည်း လေလံမအောင်မချင်း လေလံပြုလုပ်နိုင်ကြောင်း အပါအဝင် အဆိုပါလေလံနှင့်ပတ်သက်သည့်အကြောင်းအရာသတင်းများကို MT News က ဖော်ပြခဲ့ပြီးဖြစ်သည်။
အဆိုပါခြံကို အများစုက ခြံအမှတ် (၅၄) ဟု ခေါ်သော်လည်း ခြံအမှတ်မှာ (၅၄/၅၆) ဖြစ်ပြီး ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်သောခြံဖြစ်ကြောင်း ၊၂၀၂၂ ခုနှစ်တွင် ဦးအောင်ဆန်းဦးက ရောင်းချအမွေခွဲရန် အထူးအယူခံတက်၍ တောင်းဆိုခဲ့စဉ် ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။