◾️ ကျပ်သိန်း ၁,၀၀၀ အောက်ဖြင့် SKD ကားများ ထွက်ရှိလာပါက ပြည်တွင်းကားဈေးကွက် လှုပ်ခတ်လာနိုင်ဟု ပြည်တွင်းကားဈေးကွက်အတွင်း သုံးသပ်မှုများရှိနေ
၁၈. ၁၂. ၂၀၂၄
Written by Nyein Kyaw
Suzuki မှ SKD ကားအသစ်များ ထုတ်လုပ်လာနိုင်သဖြင့် ပြည်တွင်းကားဈေးကွက် သက်ရောက်မှုရှိလာနိုင်သော်လည်း ကားဈေးကွက်တစ်လုံးအပေါ် ထိခိုက်မှုမရှိနိုင်ဘဲ Suzuki မှ မြန်မာနိုင်ငံအတွက် တရားဝင်ထုတ်ပြန်မည့် ကားဈေးနှုန်းအပေါ်မူတည်ပြီး ကားအသစ်နှင့် ကားအဟောင်း ဈေးကွက်ထိခိုက်မှုကွာခြားနိုင်မည်ဖြစ်ကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA)မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က MT News သို့ ပြောသည်။
Suzuki အနေဖြင့် Ertiga Hybrid အမျိုးအစား (သမားရိုးကျကားများတွင် ပါဝင်သည့် အင်ဂျင်အပြင် လျှပ်စစ်မော်တာနှင့် ဘတ္ထရီပါထည့်သွင်းပြီး ပေါင်းစပ်ထုတ်လုပ်သောကား) အား ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဗီယက်နမ် စသည့်နိုင်ငံများတွင် ထုတ်လုပ်ရန် ကြေညာထားပြီး မြန်မာနိုင်ငံတွင်လည်း ထုတ်လုပ်ရန် စီစဉ်ထားသော်လည်း တရားဝင် မကြေညာသေးကြောင်း သိရသည်။
“ထွက်လာရင်တော့လည်း ဘယ်လိုသက်ရောက်မှုရှိလဲဆိုတော့ Suzuki ရဲ့ ထွက်လာတဲ့အပေါ် သက်ရောက်မှုရှိတာက ဘယ်လောက်ရှိမလဲ။ အဟောင်းပေါ်မှာ ရိုက်ခတ်မလား။ အသစ်တွေပေါ်မှာ သက်ရောက်မလားဆိုတာက။ သူရဲ့ ထုတ်တဲ့ဈေးကိုပဲ အရင်ကြည့်ရမယ်။ တရားဝင်ထုတ်မယ့် ဈေးမှာမူတည်ပြီးမှပဲ ဒီကားကတော့ ဝယ်လိုအားများနိုင်တယ်။ ဝယ်လိုအားမရှိနိုင်ဘူး။ ဒီဈေးနဲ့ဖွင့်ရင်တော့ ဘယ်ကားတွေကတော့ ဒီကားကိုယှဉ်ရောင်းလို့မရဘူး။ ဒီဈေးနဲ့ ဖွင့်ရင်တော့ ဒီကားထက်သာတဲ့ ဘယ်ကားက ပိုရောင်းကောင်းမယ်။ ပိုရောင်းလို့မကောင်းဘူးပေါ့။ အဓိကတော့ သူတို့တရားဝင် ကြေညာမယ့် ဈေးနှုန်းကို ကြည့်ပြီးမှပဲ ကောက်ချက်ကတော့ ချလို့ရမယ်။ ဘာကို ထိခိုက်မလဲဆိုရင်တော့ လက်ရှိကတော့ ဘာမှထိခိုက်မှုတော့ မရှိသေးပါဘူး။ ဒါပေမဲ့ လေလှိုင်းပေါ်မှာတော့ ပြောချင်တာပြောပေါ့။ လေလှိုင်းပေါ်ကဟာကလည်း မြေပြင်မှာ အမှန်တကယ် ထိရောက်တာမဟုတ်တဲ့အတွက် အခုချိန်ကတော့ ဘာမှထွေထွေထူးထူး သုံးသပ်လို့မရသေးဘူးလို့ ပြောချင်ပါတယ်” ဟု ဦးကျော်စွာထွန်းမြင့်က သုံးသပ်ထားသည်။
ပြည်တွင်း၌ SKD ကားအမျိုးအစားတစ်ခု ထုတ်လုပ်မည်ဆိုပါက သက်ဆိုင်ရာဝန်ကြီးဌာနများသို့ လုပ်ငန်းစဉ်များအတိုင်း ပြန်လည်တင်ပြကာ အတည်ပြုမှုများ ပြန်လည်ရယူရခြင်းဖြစ်ပြီး လက်ရှိသတင်းထွက်ပေါ်နေသည့် Ertiga Hybrid အမျိုးအစားမှာ အင်ဂျင်အမျိုးအစားပြောင်းလဲသွားမည်ဖြစ်၍ စက်မှုဝန်ကြီးဌာန၏ အတည်ပြုခွင့်ရယူရမည်ဖြစ်ကြောင်း သိရသည်။
“ကျိန်းသေတာကတော့ ဂျပန်ကလုပ်တဲ့အလုပ်။ မြန်မာပြည်မှာ Suzuki ကလုပ်တဲ့ အလုပ်က ပရမ်းပတာမလုပ်ဘူး။ အကုန်လုံးက သူလုပ်ငန်းစဉ်အတိုင်းကို ဘောင်ဝင်ပြီးတော့မှ လုပ်တတ်တယ်။ စနစ်တကျလုပ်တယ်။ ကမူးရှူးထိုး မလုပ်တတ်ဘူးဆိုတာ မြန်မာပြည်မှာထုတ်တဲ့ SKD ထဲမှာ Suzuki က ရှေ့ဆုံးကပါတယ်။ အဲဒီတော့ အပြင်မှာ ပြောသလောက် ပရမ်းပတာမဖြစ်ပါဘူးလို့ဘဲ ပြောချင်ပါတယ်” ဟု ဦးကျော်စွာထွန်းမြင့်က ပြောသည်။
မြန်မာနိုင်ငံတွင် Suzuki အနေဖြင့် ပြည်ပမှ အစိတ်အပိုင်းတင်သွင်းပြီး ပြည်တွင်း၌ တပ်ဆင်ရောင်းချသည့် SKD စနစ်ဖြင့် ဆီကား အမျိုးအစားများဖြစ်သည့် Ertiga, Swift, Ciaz နှင့် Carry Pro အမျိုးအစားများကို ထုတ်လုပ်နေခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ၂၀၂၁ ခုနှစ် နိုင်ငံရေးပဋိပက္ခများ ဖြစ်ပွားပြီးနောက် Ertiga, Swift, Ciaz အမျိုးအစားများကို တပ်ဆင်ရမည့်အစိတ်အပိုင်းကုန်သွား၍ ရပ်နားထားခြင်းဖြစ်ပြီး လက်ရှိတွင် Ertiga Hybrid ၂၀၂၅ မော်ဒယ်အမျိုးအစားအား ပြန်လည်တပ်ဆင်ထုတ်လုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။
အဆိုပါ Ertiga Hybrid ကားအမျိုးအစားအား ကျပ်သိန်း ၁,၀၀၀ အောက်ဖြင့် စတင်ထုတ်လုပ်လာမည်ဆိုပါက လက်ရှိတွင် မဖြစ်သင့်သော အမြင့်ဈေးနှုန်းသို့ ရောက်ရှိနေသည့် ပြည်တွင်းကားဈေးကွက် အကျဘက်သို့ လှုပ်ခတ်သွားနိုင်ကြောင်း ပြည်တွင်း ကားအရောင်းအဝယ်လုပ်ကိုင်နေသူများက လူမှုကွန်ရက်စာမျက်နှာများတွင် သုံးသပ်ထားမှုများကို တွေ့ရှိရသည်။
ပြည်တွင်း၌ Suzuki မှ SKD စနစ်ဖြင့် ထုတ်လုပ်နေသည့် လူကြိုက်များသော Ertiga, Swift နှင့် Ciaz ကားအမျိုးအစားများသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အကုန်အထိ ထုတ်လုပ်သည့် Model Year အပေါ်မူတည်ပြီး ကျပ်သိန်း ၂၅၀ ဝန်းကျင်မှ ကျပ်သိန်း ၄၀၀ ဝန်းကျင်အထိသာရှိခဲ့သော်လည်း လက်ရှိတွင် ကျပ်သိန်း ၉၀၀ ဝန်းကျင်မှ ကျပ်သိန်း ၁,၃၀၀ ကျော်အထိ မြင့်တက်နေခြင်းဖြစ်သည်။