၁၈.၁၂.၂၀၂၄
Written By Thandar
ပြည်တွင်းပရိသတ်အပြင် ပြည်ပနိုင်ငံက ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ပိုင်တံခွန် ကတော့ ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေလုပ်ရင်း မိသားစုနဲ့ အေးအေးချမ်းချမ်း Life Style တစ်ခုကိုဖြတ်သန်းချင်တယ်လို့ ဖွင့်ဟပါတယ်။
“ကျွန်တော်က ပုံမှန်အလုပ်တွေတော့ လုပ်ဖြစ်နေပါတယ်။ ကျွန်တော့်ဘဝအတွက်လည်း အရေးကြီးအရာတွေ လုပ်ဖြစ်တယ်။ ၂၀၂၅ ခုနှစ် နောက်နှစ်မှာ ကျွန်တော်နေချင်တဲ့ Life Style ရှိတယ်။ ကျွန်တော့်ရဲ့ မိသားစုရယ်၊ ကျွန်တော်မွေးထားတဲ့ကလေးတွေရယ် ကျွန်တော် အိမ်မှာ အပင်တွေစိုက်ပြီးတော့နေမယ်။ ကျွန်တော့်ကလေးတွေနဲ့ အေးအေးချမ်းချမ်းလေး နေချင်တာ။ အလုပ်လုပ်ချိန်မှာလည်း လုပ်ပေါ့။ နှစ်ဖက်မိဘကိုလည်း ဂရုစိုက်ပြီးရင် တိရစ္ဆာန်လေးတွေနဲ့ ချစ်တဲ့မိသားစုနဲ့ အပင်လေးတွေစိုက်ပြီးပဲ နေချင်တယ်” လို့ သရုပ်ဆောင် ပိုင်တံခွန်က ပြောပါတယ်။
သူကတော့ စင်ရော်မောင်မောင်ရဲ့ သားဖြစ်သူ မင်းသန့်မောင်မောင် ဒါရိုက်တာအနေနဲ့ ရိုက်ကူးတဲ့ ကြော်ငြာတွေကို ရိုက်ကူးမှုတွေလည်း လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ ပိုင်တံခွန် ပါဝင်သရုပ်ဆောင်ထားတဲ့ Dead Ma Ma ရုပ်ရှင်ဇာတ်ကားကိုလည်း နိုဝင်ဘာလက ကမ္ဘာဒီးယားနိုင်ငံမှာ ပြသထားတာလည်းဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ဇာတ်တွေများစွာ ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။
“ကျွန်တော့်ရဲ့ အနုပညာလုပ်ငန်းတွေကို ဒီထက်ပိုပြီးတော့ မြန်မာနိုင်ငံမှာပေါ့လေ ပိုပြီးတော့ ကျွန်တော် လုပ်ကိုင်သွားမယ်။ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားနေပါတယ်။ အမှားအယွင်းတွေရှိရင်လည်း နားလည်ပေးပါလို့။ အဓိကတော့ မြန်မာပရိသတ်တွေ တချို့က ကျွန်တော့်ကို အချိန်မပေးဘူးလား။ ပြီးရင် မြန်မာနိုင်ငံမှာ ဇာတ်ကားတွေ မရိုက်တော့ဘူးလား စသဖြင့်ပေါ့။ ဟိုဘက်မှာ ပြည်ပ ဒီနှစ်က လက်ခံတာ နည်းနည်းများသွားလို့ပါ။ ဒီနှစ်ကတော့ မြန်မာနိုင်ငံက ရိုက်ကူးမှာ။ အချိန်ပေးမယ်။ လာမယ့် ၂၀၂၅ မှာ မြန်မာမှာအလုပ်တွေ လက်ခံထားပါတယ်။ ၂၀၂၆ ခုနှစ်ဆိုရင်တော့ ဟိုဘက်ပြန်ပြီး အလုပ်လုပ်ရမှာပါ”လို့ သူက ဆက်ပြောပါတယ်။