၁၈.၁၂.၂၀၂၄
Translated by Htwe Ko Tun
နှစ်ဆယ့်တစ်ရာစုနှစ်ရဲ့ ထူးခြားသော ရှာဖွေတွေ့ရှိနိုင်မှုလို့လည်းဆိုနိုင်တဲ့ ကင်ဆာရောဂါကာကွယ်ဆေးကို ရုရှားပညာရှင်တွေက အောင်မြင်စွာစမ်းသပ်တွေ့ရှိခဲ့ကြပြီဖြစ်ကာ ၂၀၂၅ ခုနှစ်အစောပိုင်းမှာ စတင်ထုတ်လုပ် ဖြန့်ချိဖို့မျှော်လင့်ထားတယ်လို့ ရုရှားအစိုးရက ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဓာတ်မှန်ဗေဒဆေးသုတေသနစင်တာမှ ညွှန်ကြားရေးမှူးချုပ် အန်ဒရေးကတ်ပရင်က ရုရှားနိုင်ငံအနေနဲ့ သူ့ရဲ့ ကင်ဆာရောဂါကိုယ်ပိုင်ကာကွယ်ဆေးဖြစ်တဲ့ mRNA ကိုရှာဖွေတွေ့ရှိခဲ့ပြီး လူနာတွေကို အခမဲ့ဖြန့်ချိပေးမယ်လို့ ပြောခဲ့တယ်လို့ Tass သတင်းဌာနမှာ ဖော်ပြသွားတာပါ။
ကူးစက်ရောဂါနဲ့ အဏုဇီဝဗေဒဆိုင်ရာ ဂါမာလီယာ အမျိုးသားသုတေသနစင်တာမှ ညွှန်ကြားရေးမှူး အလက်ဇန်းဒါး ဂင့်စ်ဘာဂ်ကလည်း ကြိုတင်စမ်းသပ်မှုတွေအရဆိုရင် ဒီကာကွယ်ဆေးက ကင်ဆာအသားအကျိတ်ကြီးထွားလာမှုကို ထိန်းချုပ်နိုင်ပြီးဖြစ်နိုင်ခြေရှိတဲ့ ကင်ဆာဆဲလ်တွေပြန့်ပွားမှုကိုလည်း လျော့ကျစေနိုင်တာတွေ့ရတယ်လို့ ပြောခဲ့ပါတယ်။
၂၀၂၄ ခုနှစ် အစောပိုင်းတုံးကလည်း ရုရှားသမ္မတ ပူတင်က “ကျွန်တော်တို့အနေနဲ့ ကင်ဆာရောဂါ ကာကွယ်ဆေးတွေနဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားတုံ့ပြန်မှုကို ပြောင်းပေးနိုင်တဲ့ဆေးတွေကို ဖန်တီးတွေ့ရှိဖို့ နီးနေပါပြီ”လို့ ပြောခဲ့ပါသေးတယ်။
စမ်းသပ်မှုတွေမှာလည်း ဉာဏ်ရည်တုနည်းပညာအရ အာရုံကြောကွန်ရက်အတုတွေ အသုံးပြုပြီး ဆောင်ရွက်မယ်ဆိုရင် ကင်ဆာရောဂါ ကိုယ်ပိုင်ကာကွယ်ဆေးကို ဖန်တီးထုတ်လုပ်ဖို့အတွက် အချိန်တစ်နာရီထက်လျော့နည်းတဲ့အထိပဲ ကြာစေနိုင်မယ်ဆိုတာတွေ့ရတယ်လို့ ဂင့်စ်ဘာဂ်က ပြောခဲ့ပါသေးတယ်။
ဒီကာကွယ်ဆေးတွေက ကင်ဆာဆဲလ်တွေဆိုတာ အသိအမှတ်ပြုပြီး တိုက်ခိုက်မှုပြုဖို့ လူရဲ့ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးမှာပါ။ ကင်ဆာရောဂါကို ကုသခြင်းနဲ့ဆိုင်တဲ့ ကာကွယ်ဆေးတွေက ကင်ဆာအကျိတ်ဆဲလ်တွေရှိနေတဲ့ ပရိုတင်းတွေနဲ့ အင်တီဂျင် ပဋိလှုံ့ပစ္စည်းတွေကို ပစ်မှတ်ထားမှာဖြစ်ပြီး သူတို့ကို ဖော်ထုတ်ဖို့နဲ့ ဖျက်ဆီးဖို့ ကိုယ်ခန္ဓာခုခံအားစနစ်ကို လေ့ကျင့်ပေးမှာပါ။ ဥပမာအားဖြင့် တချို့ ကာကွယ်ဆေးတွေဆိုရင် အန်တီဂျင်တွေကို ပြန့်ပွားစေမယ့်ဗိုင်းရပ်တွေကို အားနည်းစေပြီး ကိုယ်ခံအားစနစ်ကောင်းမွန်လာအောင် လှုံ့ဆော်ပေးမယ်လို့ ဆိုပါတယ်။
တစ်ဖန် ကင်ဆာရောဂါကို ကာကွယ်တားဆီးခြင်းနဲ့ဆိုင်တဲ့ HPV လို ဆေးတွေက ကင်ဆာနဲ့ ဆက်စပ်နေတဲ့ ဗိုင်းရပ်တွေကိုကာကွယ်ပေးပြီး သားအိမ်ခေါင်းကင်ဆာလို ကင်ဆာရောဂါအချို့ ဖြစ်နိုင်ခြေကိုလည်း နည်းစေမယ်။ ဒီဆေးတွေက လူ့ခန္ဓာကိုယ်ရဲ့ သဘာဝအရ ခုခံမှုအားကို မြှင့်တင်ပေးမှာဖြစ်လို့ ကင်ဆာအသားပိုအကျိတ်တွေ ကြီးထွားမှုကို နှေးကွေးစေပြီး အစောပိုင်း အဆင့်ပဲရှိသေးတဲ့ ကင်ဆာရောဂါတွေကိုကြတော့ ထပ်တလဲလဲဖြစ်မှုကို တားဆီးတာ ဒါမှမဟုတ် လုံးဝဖယ်ရှားပစ်နိုင်တာအထိ စွမ်းဆောင်နိုင်မယ်လို့ သိရပါတယ်။
Ref- Times of India