၁၈.၁၂.၂၀၂၄
Written by ThiRi
ခရစ္စမတ်ပွဲတော် နီးလာသလို ရုံးပိတ်ရက်ရှည်ကာလမှာ ပြည်တွင်းဘတ်ဂျက်ခရီး လည်ပတ်သွားလာချင်ကြသူတွေအတွက် တစ်နိုင်တစ်ပိုင် ဝန်ဆောင်မှုပေးကြတဲ့ ဒေသခံလူငယ်တွေရဲ့ခရီးသွားကဏ္ဍဝန်ဆောင်မှုမှာ ခရီးသည်ကို အဓိက ဆွဲဆောင်နိုင်တာက Mobile Phone Photography ဝန်ဆောင်မှုပါ။
ခရီးသည်တွေရဲ့ နေထိုင်တည်းခိုတာ၊ သွားလာတာတွေအပြင် ဒီဝန်ဆောင်မှုလေးအတွက်ပါ သူတို့ဝင်ငွေ အခွင့်အလမ်းတောင်းဆိုလို့ ရလာတယ်လို့ ပုဂံဒေသမှာသုံးဘီးဆိုင်ကယ်၊ မိုဘိုင်းဖုန်းအမှတ်တရပုံနဲ့ ဝန်ဆောင်မှုပေးနေတဲ့ ကိုဇွဲထက်က ဆိုပါတယ်။
ပုဂံဇွဲထက်နာမည်နဲ့ တစ်နိုင်တစ်ပိုင် ဝန်ဆောင်မှု လုပ်ငန်းလေး အစပျိုးလုပ်ကိုင်နေသူ ကိုဇွဲထက်က “ကျွန်တော် အသက် ၁၇ လောက်ကြတော့ တုတ်တုတ်မောင်းရင်းကနေ ကိုယ့်ခရီးသည်မိသားစုတွေကို ရိုက်ပေးရင်းက ဒီလိုဖုန်းနဲ့ ဓာတ်ပုံရိုက်တာလေး ကျွမ်းကျင်အောင် သင်ယူဖြစ်တာပါ။ ကျွမ်းကျင်တော့ ရိုက်တာချင်းတူရင်တောင် ခရီးသည်က ပုံကောင်းထွက်တဲ့ တုတ်တုတ်ဆိုင်ကယ်သမားကို ရွေးတာပေါ့။ ကျွန်တော်တို့ဝန်ဆောင်မှုက ဒီဓာတ်ပုံရိုက်တတ်တာ တစ်ခုနဲ့၊ တုတ်တုတ် အငှားရယ်၊ ဟိုတယ်၊ တည်းခိုခန်း ချိတ်ဆက်ဝန်ဆောင်မှုရယ်ပါ အဆင်ပြေစေတာပေါ့” လို့ ပြောပါတယ်။
ပုဂံမှာတော့ အခုလို တစ်နိုင်တစ်ပိုင် ဝန်ဆောင်မှုလုပ်ငန်းလေးတွေလုပ်ကိုင်သူ ဒီနှစ်ပိုင်း ပိုမိုများပြားလာပြီး အရင်လို ကင်မရာနဲ့ အမှတ်တရ ဓာတ်ပုံရိုက်တာတွေထက် လူတိုင်းက သူတို့လက်ထဲက ဖုန်းနဲ့ ဓာတ်ပုံလှလှမှတ်တမ်းယူပြီး တစ်ခါတည်း ဆိုရှယ်မီဒီယာ တင်ချင်တာကြောင့် ဒီလို မိုဘိုင်းဖုန်း ဖိုတိုဂရပ်ဖီက အွန်လိုင်းပညာသင်ဘာသာရပ်သင်တန်းတစ်ခုအနေနဲ့တောင် လေ့လာဆည်းပူးကြတယ်လို့လည်း သိရပါတယ်။
ပုဂံဒေသကပဲ အလားတူဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်တဲ့ ကိုလင်း တုတ်တုတ်ဆိုင်ကယ် အငှားဝန်ဆောင်မှုလုပ်ကိုင်သူ ကိုလင်းက “ဖုန်းနဲ့ကလည်း ရိုက်တတ်မှ လှတာ။ ဖုန်းအကောင်းစားကြီး ကိုင်ထားလည်း မရိုက်တတ်ရင် ပုံထွက်မကောင်းဘူး။ ကင်မရာအယူအဆကိုက ပရော်ဖက်ရှင်နယ် ကင်မရာသမားတွေလိုပဲ နားလည်ထားရတာဆိုတော့ အွန်လိုင်းသင်တန်းတက်ထားရပါတယ်။ ဝါသနာပါသူအတွက်ဆိုရင်တော့ ဒါက ပိုအလုပ်ဖြစ်တယ်”လို့ သူသင်ယူခဲ့ရပုံကို ပြောပြပါတယ်။
တုတ်တုတ်ဆိုင်ကယ် ဝန်ဆောင်မှု ကြော်ငြာရာမှာတောင် Tuk Tuk , Ebike , Hotel + Phone Photo Service ဆိုတာကို ထည့်သွင်းကြော်ငြာကြပြီး အမှတ်တရဓာတ်ပုံဆို တစ်ဈေးနဲ့၊ အလှဓာတ်ပုံဆို တစ်ဈေးယူကြတာလို့လည်း သိရပါတယ်။ ပုံမှန် အမှတ်တရဓာတ်ပုံနဲ့ ဧည့်ဖုန်းနဲ့ပဲ ရိုက်ရိုက်၊ ဝန်ဆောင်မှုပေးသူဖုန်းနဲ့ပဲရိုက်ရိုက် တစ်နေ့တာ သွားလာလည်ပတ်တာကို ကျပ် ခြောက်သောင်းခွဲခန့် ဝန်ဆောင်ခယူပြီး သာမာန်ထူးတဲ့ အလှဓာတ်ပုံပါရင်တော့ ကျပ် ရှစ်သောင်းခန့်ယူတယ်လို့ သိရပါတယ်။ တုတ်တုတ် အငှားမပါဘဲ လူချည်းသီးသန့် ဓာတ်ပုံရိုက်ဖို့ခေါ်ယူချင်ရင်တော့ ကျပ်လေးသောင်းလို့ ဒေသခံလူငယ်တွေက သူတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းသစ်နဲ့ ပတ်သက်လို့ MT News ကို ပြောပါတယ်။