၁၈. ၁၂. ၂၀၂၄
Written by Nyein Kyaw
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ ပို့ကုန်လျာထားချက်၏ ၆၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ရာ ကျန်ကာလအတွင်း လျာထားချက်ပြည့်မီအောင် တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည့်အပြင် ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ယမန်နေ့က ပြုလုပ်သည့် ပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
ပို့ကုန်တိုးမြှင့်ရေး ဆောင်ရွက်ရာတွင် ဝါ၊ ဝါး၊ ရော်ဘာကုန်ကြမ်းတို့ကို အခြေခံသည့် စက်မှုလုပ်ငန်းများတိုးတက်ရေးကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ အဓိကစိုက်ပျိုးထွက်ရှိသည့် ဒေသထွက်သီးနှံများ One Region One Product – OROP အလိုက် ထုတ်လုပ်တင်ပို့နိုင်ရေးသည် အဓိကကျကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း၍ ပို့ကုန်ကဏ္ဍအလိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် အကြောင်းအမျိုးမျိုးပြပြီး ကန့်သတ်မှုမျိုးစုံ ကြုံတွေ့နေရ၍ လက်ရှိပို့ကုန်ကို နှစ်ဆတိုးမြှင့်နိုင်မှသာ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၂၈ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားထားသည်။
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လအတွင်း မြန်မာနိုင်ငံအနေဖြင့် စုစုပေါင်းပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ ဒသမ ၄၈၃ ဘီလျံရှိသည့်အနက် ပို့ကုန်ပမာဏ ဒေါ်လာ ၈ ဒသမ ၅၁၆ ဘီလျံအထိ တင်ပို့ထားနိုင်ခဲ့၍ အဆိုပါကာလအတွင်း ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၁ ဒသမ ၅၅ ဘီလျံအထိ ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။