၉ . ၁. ၂၀၂၃
Written By Thandar
ပရိသတ်နဲ့ အဆက်အသွယ် ပြတ်သလိုဖြစ်ခဲ့တဲ့ သရုပ်ဆောင် ပပဝင်းခင်ကတော့ ဇန်နဝါရီ ၆ ရက်မှာ ကျရောက်ခဲ့တဲ့ မွေးနေ့အတွက် ဇန်နဝါရီ ၉ ရက်နေ့မှာ ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်း၊ မဟာဝိသုဒ္ဓါရုံရွှေကျင်တိုက်သစ်မှာ နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။
“ပပရဲ့ မွေးနေ့လေးက ပြီးသွားပါပြီ။ လွန်ခဲ့တဲ့ ၆ ရက်နေ့ကပေါ့။ ဒီနေ့ကကျတော့ ဘုန်းဘုန်းအရှင် ဆန္ဒာဓိက(ရွှေပါရမီ ဆရာတော်)ရဲ့မွေးနေ့။ ဒီကျောင်းမှာကျတော့ ရာသက်ပန်အလှူရှင်တွေကအပြည့်ပဲ။ ပပက ကိုယ့်မိဘတွေကိုလည်း ကုသိုလ်ရစေချင်တယ်။ ဒီကျောင်းမှာ လည်းလှူချင်တာနဲ့ ဘုန်းဘုန်းကိုလျှောက်ကြည့်တော့ ဘုန်းဘုန်းက သူ့မွေးနေ့မှာလှူချင်ရင် လှူဆိုပြီး လှူခွင့်ပေးခဲ့တာပါ။ အဲဒီအတွက် ဘုန်းဘုန်းကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီနေ့က ဘုန်းဘုန်းမွေးနေ့ဖြစ်တဲ့အတွက် ဘုန်းဘုန်းလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီးတော့ ဆထက်တိုးပြီး သာသနာ ထူးထူးကဲကဲပြုနိုင်ပါစေ။ ခန္ဓာကိုယ်မှာလည်း ရောဂါတွေ ကင်းရှင်းပြီးတော့ အသက်ရာကျော် ကျန်းမာစွာ နေနိုင်ပါစေလို့ ပပက ဆုမွန်ကောင်းတောင်းပေးပါတယ်” လို့ သရုပ်ဆောင် ပပဝင်းခင်က ပြောပါတယ်။
သူမကတော့ ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီ ဆရာတော်)နဲ့ မိဘနှစ်ပါးဖြစ်တဲ့ ဖခင် ဦးဝင်းခင်၊ မိခင် ဒေါ်မြင့်မြင့်ကြည်တို့ကို အမှူးထားပြီးတော့ ဗဟန်း၊ မဟာဝိသုဒ္ဓါရုံရွှေကျင်တိုက်သစ်မှာ ယောဆရာတော်ကြီးကို သင်္ကန်းနဲ့ ဝတ္ထုငွေ ဆက်ကပ်ပြီး သီလပေးတရားနာယူခဲ့သလို စာသင် သံဃာတော် အပါး ၁၀၀ ကိုလည်း ဆွမ်းလောင်းကုသိုလ်ပြုခဲ့ပါတယ်။
ဇန်နဝါရီ ၆ ရက်ကလည်း မှော်ဘီမှာရှိတဲ့ သီလရှင်ကျောင်းမှာ တစ်နေ့တာဆွမ်းကပ်လှူခဲ့တယ်လို့ သိရပါတယ်။ ပပဝင်းခင်ကတော့ ကိုဗစ်ကာလအချိန်မှာလည်း အိမ်မဲမြို့မှာ ကုသိုလ်ပြုလှူဒါန်းမူတွေ လုပ်ကိုင်ဆောင်ရွက်နေသူလည်း ဖြစ်တယ်လို့ သိရပါတယ်။