၁၈.၁၂.၂၀၂၄
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့အနီး CSMT ဘူတာမှ ကဲလ်ယန်ဘူတာကို ပြေးဆွဲနေတဲ့ ရထားတစ်စင်းပေါ်မှာ အဝတ်အစားမပါ ကိုယ်လုံးတီးနဲ့လူတစ်ဦးက အမျိုးသမီးတွေအတွက် သီးသန့်တွဲတစ်ခုထဲကို ရုတ်တရက်ဝင်ရောက်လာခဲ့လို့ ထိတ်လန့်တကြားအော်ဟစ်ဆူပူကြတဲ့ ဖြစ်ရပ်တစ်ခု ဒီဇင်ဘာလ ၁၆ ရက် ညနေ ၄ နာရီ ၁၁ မိနစ်က ဖြစ်ပွားခဲ့ရပါတယ်။
ထိုလူကိုမြင်တာနဲ့ အမျိုးသမီးတွေလည်း ထိတ်လန့်ကုန်ကြပြီး နောက်တွဲတစ်တွဲမှာရှိတဲ့ ရထားလက်မှတ်စစ်ကို လှမ်းခေါ် အကူအညီတောင်းကြပါတယ်။ လက်မှတ်စစ်ကလည်း ထိုလူကို ရထားအရပ်မှာ ရထားပေါ်ကဆင်းသွားဖို့ တွန်းထိုးထုတ်ခဲ့ပေမယ့် မရခဲ့ပါဘူး။
ရထားက CSMT ဘူတာမှ ကဲလ်ယန်ဘူတာကိုပြေးဆွဲနေစဉ် အဲဒီလို ဖြစ်ခဲ့တာလို့လည်းသိရပါတယ်။ အဲဒီ ကိုယ်လုံးတီးနဲ့လူက လမ်းမှာ ရထားရပ်နားရာ ဂတ်ကိုပါဘူတာအရောက် အမျိုးသမီးသီးသန့်ခန်းကို တက်လာခဲ့တာပါ။ ခရီးသည်အမျိုးသမီးတွေက ကြောက်လန့်တကြားနဲ့ စူးစူးဝါးဝါးအော်ဟစ်ပြီး သူ့ကို ရထားပေါ်က ပြန်ဆင်းသွားဖို့ ပြောခဲ့ကြပေမယ့် သူက မဆင်းခဲ့ပါဘူး။
ဒါပေမယ့် အမျိုးသမီးတွေရဲ့ အော်ဟစ်သံတွေကြားတာနဲ့ရထားမောင်းသူက ရထားကိုရပ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်က ဂတ်ကိုပါဘူတာအနေနဲ့ ခရီးသည်အသွားအလာများပြားတဲ့ဘူတာတစ်ခုဖြစ်ပေမယ့် ရထားလုံခြုံရေးရဲတို့အနေနဲ့ ခရီးသည်တို့လုံခြုံရေးအတွက် အစီအစဉ်ညံ့ဖျင်းမှုအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ရပါတယ်။
ရထားအရာရှိတွေက အဆိုပါလူဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေပြီး ရထားပေါ် မှားယွင်းတက်လာတာလို့ ပြောခဲ့ကြပါတယ်။ သူ့ကို နောက်ဘူတာတစ်ခုအရောက်မှာတော့ ရထားရဲတွေက ဝိုင်းဝန်းဖမ်းဆီးကာ အဝတ်အစားတွေ ချက်ချင်းဝတ်ပေးပြီး ဘူတာအပြင်ရောက်အောင် ပို့ပေးခဲ့ကြတယ်လို့ သိရပါတယ်။
Ref- Times of India