၁၈. ၁၂. ၂၀၂၄
Written by Nay Moe
အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့မှ အမျိုးသားနှစ်ဦးကို သာယာဝတီ PDF က ပျုစောထီးဟုစွပ်စွဲကာ ကိုးရက်ကြာ ဖမ်းဆီးထားပြီးမှ ထွက်ပြေးသည်ဟု ခေါင်းစဥ်တပ်ကာ ပစ်ခတ်သတ်ဖြတ်လိုက်သည်ဟု ယနေ့နံနက်တွင် NUG ဩဇာခံ PDF များက ဝန်ခံချက် ထုတ်ပြန်လာသည်။
ကျူးလွန်မှုဖြစ်စဥ်မှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့၊ အမှတ်(၁၀)ရပ်ကွက်နေအရှည်ကြီး နှင့် ဝေလင်း ဆိုသူတို့သည် ဆင်ကူးရွာဘက်မှ ပဲခူးရိုးမထဲသို့ တပ်က စစ်ကြောင်းထိုးရန်အတွက် PDF များအကြောင်း သတင်းစုံစမ်းရန် ဆိုင်ကယ်စီးလာစဥ် ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီခန့်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ သွားရောက်ဖမ်းဆီးခဲ့သည်ဟု ပြောသည်။
ထိုသို့ဖမ်းဆီးပြီးနောက် ၄င်းတို့နှစ်ဦးအား နောက်တန်းစခန်း၌ စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းထားစဥ် ဒီဇင်ဘာ ၁၂ ရက် နံနက် ၄ နာရီခန့်တွင် ကင်းတာဝန်ကျ PDF များ အိပ်ပျော်နေချိန် စခန်းမှ ထွက်ပြေးသဖြင့် လိုက်လံရှာဖွေကာ ပစ်ခတ်သတ်ဖြတ်လိုက်သည်ဟု ပြောသည်။
ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသည့် အရှည်ကြီးနှင့် ဝေလင်းတို့သည် အေးမြသာယာမြို့က နာမည်ကြီး ပျူခေါင်းဆောင် ဝဏ္ဏ၏ လက်ရုံးတပည့်များဖြစ်ကြပြီး ၎င်းတို့သည် ပျူစောထီးများဖြစ်ကြောင်း၊ ပြည်သူများအား အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးရိုက်နှက်ခြင်း၊ လူငယ်များအား ပေါ်တာဆွဲဖမ်းဆီးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများအား ထောက်လှမ်းပေးပို့ခြင်းများ လုပ်ဆောင်နေသူများဖြစ်ကြသည်ဟု သတ်ဖြတ်မှုကျူးလွန်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ဝန်ခံထားသော်လည်း အရှည်ကြီးနှင့် ဝေလင်းတို့ ပြည်သူ့စစ်(ပျူစောထီး) များဖြစ်ကြောင်း မည်သည့်သက်သေမှ ထုတ်ပြထားနိုင်ခြင်းမရှိသည်ကိုလည်း တွေ့ရသည်။