၁၈. ၁၂. ၂၀၂၄
Written by Thettant
ဓာတ်သတ္တု (ရွှေ) ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားပါက လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်းငွေကြေးကို ဘဏ်တွင်အပ်ထားကြောင်း Bank Statement မူရင်း သက်သေတင်ပြရန် လိုအပ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA) က သိရသည်။
ဓာတ်သတ္တု(ရွှေ)ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လိုအပ်သည့် အချက်များမှာ သတ္တုတွင်းက ထုတ်ပေးသည့် ပုံစံ(၂)ဖောင်ကို ပြည့်စုံစွာဖြည့်ပေးရန်၊ လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊ ကိုယ်ရေးအကျဥ်း အောက်တွင် လက်မှတ်ရေးထိုးပေးရန်၊ မည်သည့်ဘဏ်မှမဆို ဘဏ်မန်နေဂျာကိုယ်တိုင် လက်မှတ်ထိုးထားသည့်
လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်းကို Bank statement ပြထားသည့် မူရင်းစာရွက်၊ တစ်လအတွင်း အရောင်းအ ဝယ် ပမာဏကို ရွှေအချိန်နှင့် ဖော်ပြချက်၊ ရွှေဆိုင်ဖွင့်ထားသည့် မြို့နယ်၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ဆိုင်အတွက် လိုင်စင်လျှောက်ထားမှုကို ကန့်ကွက်မှုမရှိကြောင်း ထောက်ခံချက်၊ ရွှေဆိုင်ပိုင်ရှင် နေထိုင်သည့် မြို့နယ် ရဲတပ်ဖွဲ့၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း(သို့) ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း၏ အသင်းအဖွဲ့ဝင်အဖြစ် မှန်ကန်ကြောင်း ထောက်ခံချက်မူရင်း၊ ရပ်ကွက်တွင် နေထိုင်ကြောင်း ထောက်ခံချက်၊ အခွန်ဆောင်ထားသည့် မြို့နယ်၊ ပြည်တွင်းအခွန်များ ဦးစီဌာန၏ အခွန်ကင်းရှင်းကြောင်းထောက်ခံချက်၊ ယခင် စည်ပင်က ထုတ်ပေးထားသည့် လုပ်ငန်းလိုင်စင်တင်ပေးရန် (မရှိလည်းရ)၊ ဆိုင်၏ အရှေ့မျက်နှာစာတွင် ပိုင်ရှင်နှင့်အတူ တွဲလျှက် ဓာတ်ပုံ(၁ ပုံ) ၊ ဆိုင်ထဲတွင် ပြသထားသည့် ပစ္စည်းများပါသည့် ဓာတ်ပုံ(၁ ပုံ) တွဲတင်ပေးရန်တို့ဖြစ်သည်ဟု YGEA က ပြောသည်။
“Bank Statement ဆိုတာက အခု ကိုယ်ပြထားတဲ့ လုပ်ငန်းပမာဏရဲ့ ၂၅ ရာခိုင်နှုန်းကို Bank Statement ထုတ်ပြီးတော့ ပူးတွဲတင်ပြရတာပါ”ဟု ရွှေသု ရတနာရွှေဆိုင်မှ မရွှေသုက YGEA နှင့် တွေ့ဆုံမှုတွင် ရှင်းပြထားသည်။
ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သတ်မှတ်ပေးထားသည့် ရွှေရည်ညွှန်းဈေးနှုန်းအတိုင်း မရောင်းချသူများနှင့် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင် မလျှောက်ထားသူများကို အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အဆင့်အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒီဇင်ဘာ ၁၂ ရက်က နိုင်ငံပိုင်သတင်းစာတွင် တရားဝင်အသိပေး ကြေညာထားသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ်၊ ၀၅၅/ ၂၀၂၄ နှင့်အညီ လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာာ ၃၀ ရက်ထုတ် သတင်းစာများတွင် အသိပေး ကြေညာခဲ့ပြီးဖြစ်သည်။
ထို့နောက် ယခု ဒီဇင်ဘာ ၆ ရက်နေ့မှစတင်၍ ဓာတ်သတ္တု (ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီမှ သိပ်သည်းဆ ၁၉ ဒသမ ၂၅ ဂရမ်/ကုဗစင်တီမီတာနှင့် အထက်ရှိသော စံချိန်မီရွှေ ၁ ကျပ်သား (၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်)၏ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး (Market Rate)အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)၊ မြဝတီရုပ်မြင်သံကြား(MWD)၊ မြန်မာ့အသံ (Radio)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၏ အင်တာနက်စာမျက်နှာ www.mining.gov.mm နှင့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ Facebook လူမှုကွန်ရက်စာမျက်နှာတို့တွင် နေ့စဉ်ထုတ်ပြန်ပေးထားပြီးဖြစ်ကြောင်း အသိပေးထားသည်။
ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသူများအနေဖြင့် လုပ်ငန်းလိုင်စင်လျှောက်ထားမှုကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှ စတင်လျှောက်ထားရန် ကြေညာထားရှိပြီး ဖြစ်သောကြောင့် အဆိုပါလျှောက်ထားမှုများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်အထိ (၃)လအတွင်း နောက်ဆုံးထား လျှောက်ထားရန် သတိပေးထားပြီးဖြစ်သည်။
ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီအနေဖြင့် ယခုဒီဇင်ဘာလ ၆ ရက်မှစတင်၍ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး (Market Rate) ဖြင့် နေ့စဉ်ထုတ်ပြန်ခဲ့သော ဈေးနှုန်းအတိုင်း ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှု မပြု (မပြု)လုပ်သူများနှင့် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို စတင်လျှောက်ထားနိုင်ကြောင်းကြေညာခဲ့သည့်နေ့မှ (၃)လအတွင်း လျှောက်ထားခြင်း မရှိ(မရှိ)သောသူများသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးကြေညာထားခြင်းဖြစ်သည်။
နိုင်ငံတော်အဆင့်ဖွဲ့စည်းထားသော ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ ရွှေရည်ညွှန်းဈေးကို စတင်သတ်မှတ်ပေးခဲ့ပြီး သတ်မှတ် ရွှေရည်ညွှန်းဈေးနှုန်းအတိုင်း မရောင်းချသည့် ရွှေဆိုင်များအား နိုင်ငံတော်အဆင့် တိုက်ရိုက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က MT News သို့ ဖြေကြားထားသည်။ သို့သော် ပြင်ပစျေးကွက်နှင့် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းမှာ စတင်သတ်မှတ်ချိန်မှ ယခုအထိ ကျပ် ၈ သိန်းဝန်းကျင် ကွာဟမြဲဖြစ်နေပြီး ဒီဇင်ဘာ ၁၇ ရက်တွင် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅,၃၆၀,၀၀၀ သတ်မှတ်ပြီး ပြင်ပဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၆,၁၃၀,၀၀၀ ခန့် ဖြစ်ပေါ်နေ၍ ရည်ညွှန်းရွှေဈေးနှုန်းထက် ကျပ် ၇၇၀,၀၀၀ အထိ ပိုများနေသည်ကို တွေ့ရှိရသည်။