၁၇.၁၂. ၂၀၂၄
Translated by Htwe Ko Tun
ယူနိုက်တတ်ကင်းဒမ်းနိုင်ငံ၊ အင်္ဂလန်နယ်၊ ဆာရေးခရိုင်အတွင်း ၁၀ နှစ်အရွယ်ရှိသမီးဖြစ်သူကို မိသားစု နေထိုင်ရာ အိမ်မှာသတ်ခဲ့တဲ့အတွက် ဖခင်ဖြစ်သူနဲ့ မိထွေးဖြစ်သူ ဒုတိယဇနီးတို့ကို ဒီဇင်ဘာလ ၁၇ ရက် တရားရုံးက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဆယ်နှစ်အရွယ်သာရှိသေးတဲ့ ဆာရာ ရှရစ်ဖ်ကို နေထိုင်ရာအိမ်မှာ သေဆုံးလျက်တွေ့ရပြီး ဖခင်ဖြစ်သူ အသက် ၄၂ နှစ်ရှိ အာဖန် ရှရစ်ဖ်နဲ့ နောက်မိန်းမဖြစ်တဲ့ အသက် ၃၀ နှစ်ရှိ ဘီနတ်ရှ် ဘာတူးလ်တို့က အတူ သတ်ဖြတ်ခဲ့ကြတယ်လို့ တွေ့ရပြီးနောက် သူတို့နှစ်ယောက်ကို ဒီဇင်ဘာလ ဒုတိယပတ်ထဲမှာ လူသတ်မှုနဲ့တရားစွဲခဲ့တာပါ။
ကလေးငယ်ရဲ့ ဦးလေးဖြစ်တဲ့ အသက် ၂၉ နှစ်ရှိ ဖေဆယ် မာလစ် ဟာလည်း ကလေးငယ် ဆာရာ ရှရစ်ဖ် ကို သတ်ဖြတ်မှုမှာသိပါလျက်နဲ့ ခွင့်ပြုပြီး လူသတ်မှုမှာ ပူးပေါင်းပါဝင်ခဲ့လို့ တရားရုံးက ထောင်ဒဏ် ၁၆ နှစ်ချခဲ့ပါတယ်။
ဆာရာ ရှရစ်ဖ် သေဆုံးပြီးနောက်မှာတော့ သူတို့သုံးဦးက ပါကစ္စတန်ကို ထွက်ပြေးခဲ့ကြပါတယ်။ ဖခင်ဖြစ်သူ အာဖန် ရှရစ်ဖ်က ပါကစ္စတန်ကနေ ယူနိုက်တစ်ကင်းဒမ်းနိုင်ငံ ရဲတပ်ဖွဲ့ကို သူက သမီးဖြစ်သူ ဆာရာ ရှရစ်ဖ်ကို ဥပဒေကြောင်းအရ ပြစ်ဒဏ်ပေးတာဖြစ်ပြီး သေဆုံးသွားခဲ့တယ်လို့ ဖုန်းဆက် ပြောခဲ့ပါတယ်။ ရှေ့နေတွေရဲ့ ပြောကြားချက်အရ အာဖန် ရှရစ်ဖ်ဟာ သမီးဖြစ်သူကို သေဖို့မရည်ရွယ်ပေမယ့် ပြင်းထန်စွာ ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက်မှာ လန်ဒန်မြို့ရဲတပ်ဖွဲ့က သူတို့မိသားစုနေအိမ်ကို သွားရောက်ရှာဖွေရာမှာ ဆာရာရဲ့အလောင်းကို အိမ်စင်တစ်ခုအပေါ်မှာ စောင်တစ်ထည်နဲ့ဖုံးလို့ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၀ ရက်မှာ တွေ့ခဲ့ကြပါတယ်။
ဖခင်ဖြစ်သူ အာဖန် ရှရစ်ဖ် အပါအဝင် သုံးဦးဟာ တစ်လကျော်အကြာမှာတော့ ယူနိုက်တစ်ကင်းဒမ်းကို ပြန်လာကြချိန်မှာ လူသတ်မှုနဲ့ ဖမ်းဆီးခံခဲ့ကြရတာပါ။ ဆာရာရဲ့ သေဆုံးနေတဲ့ ခန္ဓာကိုယ်ပေါ်မှာ ပွန်းပဲ့ စုတ်ပြဲဒဏ်ရာတွေ၊ ကျိုးပဲ့ဒဏ်ရာတွေ၊ မီးလောင်ဒဏ်ရာတွေလို ဒဏ်ရာမျိုးစုံ ၇၀ ကျော်ကို စစ်ဆေး တွေ့ရှိကြရပါတယ်။
အာဖန် ရှရစ်ဖ်ဟာ သူ့ရဲ့ဇနီးဟောင်း အိုလ်ဂါ ရှရစ်ဖ်နဲ့ သုံးနှစ်ခန့်ပေါင်းသင်းနေထိုင်ခဲ့စဉ်မှာ ဆာရာကိုမွေးဖွားခဲ့တာလို့သိရပါတယ်။
Ref- CNN