





၁၇.၁၂.၂၀၂၄
Written By Thandar
မြန်မာ့လက်ရွေးစင်အသင်းနဲ့ လာအိုလက်ရွေးစင် အသင်းတို့က ASEAN Mitsubishi Electric Cup 2024 အုပ်စု (ခ) ပွဲစဉ်အနေနဲ့ ဒီဇင်ဘာ ၁၈ ရက် ညနေ ၅ နာရီမှာ ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်းအတွင်း ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
“မနက်ဖြန် ကျွန်တော်တို့ လာအိုအသင်းနဲ့ ကစားသွားမှာဖြစ်ပါတယ်။ လာအိုအသင်းက နောက်ဆုံးအသင်းပါပဲ။ သူလည်း ရမှတ်တွေ ဆုံးရှုံးထားတယ်။ ကိုယ်တွေလည်း ၂ ပွဲကစားပြီး ရလဒ်တွေမရသေးဘူးပေါ့နော်။ အိမ်ကွင်းလည်းဖြစ်တယ်။ ကြားရက်လည်းဖြစ်တယ်။ ၃ ရက်လောက်လည်း နားရတဲ့ပုံစံလည်း ရှိထားတယ်ဆိုတော့ ကလေးတွေအတွက်လည်း Injury ရှိတဲ့ကလေးတွေလည်း ဒီအထဲမှာ သက်သာလာတာပေါ့။သက်သာလာတယ်ဆိုတော့ မနက်ဖြန်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ”လို့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် Interim Head Coach (ဦး)မျိုးလှိုင်ဝင်းက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ပွဲစဉ်အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ယနေ့ ဒီဇင်ဘာ ၁၇ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်းသတင်းစာ ရှင်းလင်းပွဲခန်းမမှာ ကျင်းပခဲ့ပါတယ်။ အသင်းနှစ်သင်းရဲ့ Official training တွေအနေနဲ့ ညနေ ၅ နာရီက လာအိုအသင်း၊ ည ၆ နာရီ မိနစ် ၃၀ က မြန်မာ့လက်ရွေးစင်အသင်းတို့က လေ့ကျင့်ခန်း ဆင်းခဲ့ကြပါတယ်။
“တကယ်တမ်း လာအိုအသင်းကလည်း အသင်းကောင်းတစ်ခုထဲမှာ ပါပါတယ်။ လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းလို့မြင်ပါတယ်။ မနက်ဖြန်မှာ ကျွန်တော်တို့တွေ သေချာလေး တုံ့ပြန့်နိုင်မယ်လို့ ထင်ပါတယ်။ စိုးမိုးကျော်၊ အင်ဒိုနီးရှားကို သွားပြိုင်နေတဲ့ ဝင်းနိုင်ထွန်းလည်း ပြန်လည်ပါဝင်လာပြီ။ ကျွန်တော့်တို့အနေနဲ့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ပရိသတ်တွေလည်း လာရောက်အားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ သူကဆက်ပြောပါတယ်။
ဒီဘောလုံးပွဲ လက်မှတ်တွေကို ပွဲနေ့ ဒီဇင်ဘာ ၁၈ ရက်မှာ သု၀ဏ္ဏကွင်း လက်မှတ်အရောင်းဌာနတွေဆီကနေ နံနက် ၁၁ နာရီက ပွဲချိန် ပထမပိုင်းအပြီးထိ အထူးတန်း ကျပ် ၅၀၀၀ လက် မှတ်ကို ဂိတ် (၂) ၊ ရိုးရိုးတန်းကျပ် ၂၀၀၀ လက်မှတ်ကို ဂိတ် (၈) တို့မှာ ရောင်းချပေးမှာပါ။
“နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပေးတဲ့ ဥက္ကဋ္ဌဦးဇော်ဇော်ကိုရော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေ လုပ်ဖော်ကိုင်ဘက်ဟောင်းတွေကို ကျေးဇူးအများကြီး တင်ပါတယ်။ ကိုးရီးယားကို ပြန်သွားခဲ့ပေမယ့် မြန်မာနိုင်ငံကို အမြဲတမ်းသတိရနေဆဲပါ။ ဒီက သူငယ် ချင်း မိတ်ဆွေတွေနဲ့ မက်ဆင်ဂျာကနေလည်း အဆက်အသွယ်မပြတ် ရှိနေခဲ့ပါတယ်။ ဒီကို ပြန်ရောက်တဲ့အချိန်မှာ မြန်မာနိုင်ငံက အများကြီးပြောင်းလဲတိုးတက်နေတာ တွေ့ရပါတယ်။ ဒီထက်မက တိုးတက်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ လာအိုလက်ရွေးစင်အသင်း နည်းပြချုပ် Ha Hyeok- Jun က ပြောပါတယ်။
ဒီဘောလုံးပွဲကိုတော့ Live အနေနဲ့ Sky Net Sports X Channel ၊ Channel 9 တို့မှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။ မြန်မာ-လာအို ပွဲကြည့်ပရိတ်တွေ အပြန်ခရီးအတွက် မော်တော်ယာဉ်စီစဉ် ဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။
မြန်မာအသင်းကတော့ ASEAN Mitsubishi Electric Cup 2024 အုပ်စု (ခ) မှာ တစ်ပွဲရှုံးတစ်ပွဲသရေနဲ့ အုပ်စုအောက်ဆုံးမှာ ရပ်တည်နေပါတယ်။
#မြန်မာ့လက်ရွေးစင်အသင်း
#လာအိုလက်ရွေးစင်အသင်း #ASEANMitsubishiElectricCup2024