

၁၇.၁၂. ၂၀၂၄
Written by Shwe Phyo
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာ့အရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံ အနည်းဆုံး ၇ နိုင်ငံအပြင် မြန်မာ့အရေးကို စိတ်ဝင်စားသော အခြားပြင်ပ သုံးနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ဖွယ်ရှိနေကြောင်း သိရသည်။
လက်ရှိအချိန်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသော လာအိုနိုင်ငံက မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကို အာဆီယံသဘောတူညီ အကောင်အထည်ဖော်ခြင်းမှတစ်ဆင့် ဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဦးဆောင်ကျင်းပခြင်းဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ကျင်းပမည့် မြန်မာ့အရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို SAC ကိုယ်စားလှယ်များတက်ရောက်မည်မဟုတ်သော်လည်း အာဆီယံ၏ကတိများပြောင်းလဲမည်မဟုတ်ကြောင်း ပြောသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက” ဒီအလွတ် သဘောတွေ့ဆုံဆွေးနွေးပွဲဟာ မြန်မာ့အရေးကို ဖြေရှင်းနိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံအတွက် အရေးကြီးတဲ့ အစည်းအဝေးတစ်ခုပါ။ အာဆီယံသဘောတူညီချက်ငါးချက်ကတစ်ဆင့် သက်ဆိုင်သူအားလုံးပူးပေါင်းပါဝင်ကာ မြန်မာနိုင်ငံ ကိုယ်တိုင်ဦးဆောင်ပြီး မြန်မာကိုယ်ပိုင်အဖြေရှာရေးကိုအကောင်ထည်ဖော်နိုင်ရေး နည်းလမ်းတွေကို ဆွေးနွေးကြမှာပါ။ ဒီအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်မှာအချိန်ကန့်သတ်ထားတာမျိုးမရှိဘူး။ တက်ရောက်လာတဲ့ကိုယ်စားလှယ်တိုင်းဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး သူတို့ရဲ့အမြင်တွေကို မျှဝေနိုင်ဖို့ အချိန်ရမှာလည်းဖြစ်တယ်” ဟုပြောသည်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် မြန်မာ့အရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲနှစ်ခုကို ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသော လာအိုနိုင်ငံ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသော အင်ဒိုနီးရှားနိုင်ငံ၊ လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မလေးရှားနိုင်ငံတို့အပြင် အိမ်ရှင် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်သလို မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေပြီး မြန်မာ့အရေးကို စိတ်ဝင်စားသော တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ဖွယ်ရှိနေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ထို့အတူ ထိုင်းနိုင်ငံတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ယခုဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးပွဲနှစ်ခု ကျင်းပမည်ဖြစ်ပြီး တစ်ခုကိုသာ SAC အစိုးရအဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီးတက်ရောက်ဆွေးနွေးမည်ဟုလည်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
Ref asianewsnetwork