၁၇.၁၂. ၂၀၂၄
Written by Shwe Phyo
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်တင်ပေးထားသော အပြစ်မဲ့ မြန်မာနိုင်ငံသား ၇ ဦးသည် အမိနိုင်ငံသို့ ပြန်နိုင်ခြင်းမရှိသေးဘဲ ဖိလစ်ပိုင်နိုင်ငံတွင် သုံးလကျော်ကြာ ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့သည် ပြီးခဲ့သော စက်တင်ဘာလက Silanguin Cove ကျွန်းနားတွင် မြန်မာနိုင်ငံသား ၇ ဦးပါဝင်သော သင်္ဘောကို ကယ်တင်ပေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသား ၇ ဦး လိုက်ပါလာသော လှေ၏ ခေါင်းဆောင်ဖြစ်သူ အသက် ၃၃ နှစ်အရွယ်ရှိ ကိုစိုးဆန်းနိုင်က မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း၊ မိသားစုကို လွမ်းနေကြောင်း၊ ဇန်ဘာလက်စ်မြို့ရှိ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ဖိလစ်ပိုင်ဇန်ဘာလက်စ်မြို့ကမ်းခြေစောင့်တပ်ဖွဲ့ အကြီးအကဲ ဂျေဆန် ဒီစီယာနိုက ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနအကူအညီဖြင့် မြန်မာနိုင်ငံသား ၇ ဦးကို မိခင်နိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေကြောင်း၊ သို့သော်လည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသေးကြောင်း ပြောသည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် ဖိလစ်ပိုင်နိုင်ငံ၏ ဥပဒေကို ချိုးဖောက်ထားခြင်းမရှိသည့်အတွက် မိခင်နိုင်ငံသို့ ပြန်ပို့ရန်စီစဉ်နေခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏အကူအညီဖြင့် မိခင်နိုင်ငံသို့ ပြန်ပို့ရန် လုပ်ဆောင်ခြင်းက ပိုမိုကောင်းမွန်ကြောင်း ၎င်းကပြောသည်။
မြန်မာသံရုံးမှတာဝန်ရှိသူများသည် စက်တင်ဘာ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံသားများကို လာရောက်တွေ့ဆုံခြင်းများရှိခဲ့ကြောင်း ဇန်ဘာလက်စ်မြို့ကမ်းခြေစောင့်တပ်ဖွဲ့ အကြီးအကဲ ဂျေဆန် ဒီစီယာနိုက ပြောသည်။
မြန်မာနိုင်ငံသား ၇ ဦး လိုက်ပါလာသောလှေသည် သစ်သားဖြင့်ပြုလုပ်ထားသောငါးဖမ်းလှေကို ထိုင်းနှင့်မြန်မာနိုင်ငံကြား ကူးတို့လှေအဖြစ် ပြေးဆွဲနေခြင်းဖြစ်ပြီး သြဂုတ်လ ၂၅ ရက်က လှေတွင်အသုံးပြုသောအင်ဂျင် ပျက်သွားခဲ့ပြီးနောက် ရေထဲ ၁၄ ရက်ကြာမျောပါခဲ့ပြီးနောက် Silanguin Cove ကျွန်းကမ်းခြေကို ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref, msn